ရမ်းဗြဲမြို့နယ်တွင် ကျွဲ၊ နွားများ ခွာနာလျှာနာဖြစ်ပွား၍ လယ်ယာလုပ်ငန်း အခက်တွေ့

ရမ်းဗြဲမြို့နယ်တွင် ကျွဲ၊ နွားများ ခွာနာလျှာနာဖြစ်ပွား၍ လယ်ယာလုပ်ငန်း အခက်တွေ့
by -
နိရဥ္စရာ
လယ်ယာလုပ်ငန်းတွင် ကျွဲနွားများကို အသုံးပြု ထွန်ယက်နေရသော ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်ရှိ ကျေးရွာအချို့တွင် ကျွဲ နွားများ ခွာနာ လျှာနာရောဂါ (Foot-and-Mouth Disease)ဖြစ်ပွားနေ၍ လယ်သမားများ လယ်ထွန်ယက်ရာတွင် အခက်အခဲများ ကြံုတွေ့နေကြရကြောင်း သတင်းရရှိသည်။

‘‘ ကျွဲနဲ့နွား နှစ်ခုစလုံး ခွာနာ လျှာနာရောဂါဖြစ်နေလို့ လယ်မထွန်ရဘူးဖြစ်နေတယ်။ ပါးစပ်က အရည်တွေ အမြုပ်တွေထွက်နေတယ်။ ခွာနာလို့ လမ်းလည်း မလျှောက်နိုင်ဘူး။ ကျနော်တို့ ရွာမှာဆိုရင် အားလုံးနီးပါးဖြစ်နေကြတယ်။ တစ်ခြားကျေးရွာတွေကိုလည်း ကူးစက်ပြန့်ပွားနေပြီလို့ကြားပါတယ်။ ရောဂါမဖြစ်ဘဲလွတ်တာ ဆယ်အိမ်တစ်အိမ်လောက်ပဲရှိပါတယ်။ ကျွဲ၊ နွားရောဂါဖြစ်နေလို့ စပါးပျိုးလည်းမကြဲနိုင်ဘူး။ နွားတင်းကုတ်မှာ ချဉ်ပြီး ပြုစုနေရတယ်’’ဟု ကျောက်ဆောက်ကျေးရွာမှ ကိုအောင်လွင် ကပြောသည်။

ရမ်းဗြဲမြို့နယ်တွင် ကျောက်ဆောက်ကျေးရွာအပါအဝင် ရမ်းသစ်ကြီး၊ ချောင်းနယ်၊ စစ်ပြား၊ သပြုချောင်းနှင့် ကျောက်တလင်းကျေးရွာတို့တွင်ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

ရမ်းဗြဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးအုန်းကျော်မြင့် က ‘‘ ရောဂါဖြစ်ပွားနေတာ ၄၊ ၅ရက်လောက်ရှိပါပြီ။ ရောဂါဖြစ်နေတဲ့နေရာတွေအားလုံးကို ကျနော်ကိုယ်တိုင်ဆင်းပြီး ရောဂါပြန့်ပွားကူးစက်မှုမရှိအောင် အသိပညာပေး ဟောပြောပွဲတွေလည်းလုပ်ထားပြီးပါပြီ။ အသေအပျောက်တော့မရှိသေးပါ။ ခွာနဲ့ လျှာကို လိမ်းရမည့်ဆေးတွေကိုလည်း ပေးထားပါတယ်။ ဆေးတွေလည်း ပေးထားပါတယ်။ ဆေးကုန်ရင်လာယူဖို့လည်း ပြောထားပါတယ်” ဟု ပြောသည်။

ခွာနာ လျှာနာရောဂါသည် ဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားသော ရောဂါတစ်မျိုးဖြစ်ပြီး ရောဂါလက္ခဏာမှာ ခြေထောက်နှင့် ပါးစပ်တွင် အရည်ကြည်အဖု ကလေးများ ပေါက်လာခြင်း၊ ထိုမှတစ်ဆင့် အနာဖြစ်လာခြင်း၊ လမ်းမလျှောက်နိုင်ခြင်းနှင့် အစာမစားနိုင်ခြင်းတို့ဖြစ်လာကြောင်းသိရသည်။

ကျောက်ဖြူမြို့နယ်၊ ဆင်ဘုတ်ကျေးရွာအုပ်စုအနီးတဝိုက်တွင်လည်း ဖေဖော်ဝါရီလက ခွာနာလျှာနာရောဂါ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...