ရခိုင်တွင် ယခုနှစ်စပါးအထွက်နှုန်း ၅ဝ ရာခိုင်နှုန်းအထိကျဆင်းဟုဆို

ရခိုင်တွင် ယခုနှစ်စပါးအထွက်နှုန်း ၅ဝ ရာခိုင်နှုန်းအထိကျဆင်းဟုဆို

ရခိုင်ပြည်နယ်တွင် စပါးများကို ယခင်နှစ်များကကဲ့သို့ ပုံမှန် အတိုင်းစိုက်ပျိုးနိုင်ခဲ့သော်လည်း ယခုနှစ်အတွင်း စပါးအထွက်နှုန်း ၅ဝ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမား သမဂ္ဂ ဒုဥက္ကဋ္ဌ ဦးမြင့်ဦးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“ရခိုင်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ စပါးအထွက်နှုန်းမကောင်းပါ။ သဘာဝဘေးအန္တရာယ်မိုးတွင်းကာလက ရေကြီးသွားတော့ စပါးတွေက ရေမြုပ်သွားတယ်။ မြေသြဇာစျေးကလည်း တစ်ဆ၊ နှစ်ဆဖြစ်သွားတယ်လေ။ တောင်သူတွေမှာ ကိုဗစ်အခြေအနေနဲ့ နိုင်ငံရေးအခြေ အနေကြောင့် အခက်အခဲဖြစ်တော့ စပါးကိုပြန်လည်ရှင်သန်နိုင်အောင် မြေသြဇာ မပေးလိုက်နိုင်ဘူး” ဟု ၄င်းက ပြောသည်။

ယခုနှစ်အတွင်း လယ်သမားများစိုက်ပျိုးခဲ့သည့် လယ်ယာမြေများတွင် သဘာဝဘေးအန္တရာယ်ဒဏ်များကို ခံခဲ့ရသလို ဓာတ်မြေသြဇာများလည်း လုံလောက်စွာမသုံးနိုင်လိုက်၍ စပါးအထွက်နှုန်း ၅၀ ရာခိုင်နှုန်း ကျဆင်းသွားခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

သို့သော်လည်း နိရဉ္စရာသတင်းဌာန အနေဖြင့် ယခုနှစ်စပါးရာသီ အထွက်နှုန်း ၅၀ ရာခိုင်နှုန်းထိ ကျဆင်းသွားသည်ဟု ပြောဆိုခြင်း အပေါ် သီးသန့် အတည်ပြုနိုင်ခြင်း မရှိပါ။

မင်းပြားမြို့နယ် သာယာကုန်းအုပ်စု၊ ကျောက်ခုတ်ကျေးရွာမှ ဦးခင်မောင်ထွန်းကလည်း ယခုနှစ် စပါးစိုက်ပျိုးရာသီတွင် ဓာတ်မြေသြဇာများ စျေးကြီး၍ လုံလုံလောက်လောက် မသုံးစွဲနိုင်ဖြစ်ခဲ့သည့်အတွက် လက်ရှိ စပါးအထွက်နှုန်းအခြေအနေဆိုးကြောင်း နိရဥ္စရာသတင်းဌာနကို ပြောသည်။

“စပါးအခြေအနေကတော့ ဆိုးပါတယ်။ နှစ်တိုင်းလိုတော့ ဘယ်လို အားကောင်းပါ့မလဲ။ ဆားငံဒီရေတွေဝင်သွားလို့လည်း စပါးတွေပျက်စီးခဲ့တယ်။ စပါးအထွက်နှုန်းကျပါတယ်”ဟု ပြောသည်။

မြောက်ဦးမြို့နယ် ပီပင်ရင်းကျေးရွာမှ ဦးကျော်ဖေတင်ကလည်း စပါးစိုက်ရာသီ အတွင်း ဓာတ်မြေသြဇာစျေးကြီးခဲ့၍ သုံးရသည်မှာ အခက်အခဲရှိခဲ့သည့်အပြင် လက်ရှိ စပါးရိတ်သိမ်းရာတွင်လည်း စက်သုံးဆီစျေးနှုန်း မြင့်တက်နေသည့် အတွက် အမြတ်မရှိနိုင်ကြောင်း ပြောသည်။

“အမြတ်ရဖို့ အလားအလာတော့မရှိဘူး။ စပါးရိတ်သိမ်းခတွေကလည်း ခါတိုင်းနှစ်တွေထက် ဆီစျေးနှုန်းတွေ များတယ်” ဟု ၄င်းကဆိုသည်။

ရခိုင်တစ်ပြည်နယ်လုံးတွင် ယခုနှစ်အတွင်း လယ်ဧက ၈ သိန်းခန့်ကို ယခင်နှစ်များကကဲ့သို့ ပုံမှန်အတိုင်း စိုက်ပျိုးနိုင်ခဲ့သော်လည်း ဒေါ်လာစျေး၊ ရွှေစျေး၊ ဆီစျေးများအပြင် ကုန်စျေးနှုန်းများပါ ထိုးတက်ခဲ့သည့်အတွက် လယ်သမားများ မြေသြဇာဝယ်မသုံးနိုင်ခဲ့ဟု လယ်သမားများက ပြောသည်။

ယင်းအပြင် ယခုနှစ်အတွင်း ကျောက်တော်၊ မြေပုံ၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ သံတွဲနှင့် ကျောက်ဖြူမြို့နယ်တို့တွင် ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ် ဒဏ်ကြောင့် စပါးစိုက်ဧက အများဆုံး ပျက်စီး ခဲ့ကြောင်းလည်း ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂမှ သိရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...