ခမီရိုးရာကောက်သစ်စားပွဲ မြောက်ဦးနယ်တွင် စည်ကားစွာကျင်းပ

ခမီရိုးရာကောက်သစ်စားပွဲ မြောက်ဦးနယ်တွင် စည်ကားစွာကျင်းပ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၊ ပျားတဲကျေးရွာအုပ်စု၊ လောင်းရှည်ချောင်းကျေးရွာတွင် ခမီရိုးရာကောက်သစ်စားပွဲကို ယနေ့ နံနက်က စည်ကားစွာ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပွဲကို နိုဝင်ဘာလ ၂၂ ရက် နံနက် ၉ နာရီက ကိုဗစ်စည်းကမ်းနှင့်အညီပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲသို့ ရခိုင်နှင့်ခမီလူမျိုးများအပါအဝင် လူမှုရေးအသင်းအဖွဲ့များမှ လူဦးရေ စုစုပေါင်း ၁ဝဝ ကျော်တက်ရောက်ပြီး တက်ရောက်လာသူများကို ခမီရိုးရာခေါင်ရည်နှင့် စားပွဲသောက်ပွဲများဖြင့်ဧည့်ခံကျွေးမွေးခဲ့ကြောင်း ပွဲကိုဦးဆောင်ကျင်းပသည့် ခမီတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးလေကျော်အောင်က နိရဥ္စရာအားပြောသည်။

“မိမိတို့ရိုးရာဓလေ့ထုံးတမ်းတွေကို အခုခေတ်သစ်လူငယ်လေးတွေက မြင်တွေ့စေရတဲ့အတွက် ဝမ်းမြောက်စရာပါ။

ခမီရိုးရာရာကောက်သစ်စားပွဲမှာ တိမ်ကောပပျောက်သွားမယ့် အခြေအနေဖြစ်နေပြီ။ စီးပွားရေး၊ လူမှုရေးအခက်အခဲတွေနဲ့ပေါ့” ဟုပြောသည်။

ခမီလူမျိုးများမှာ တောင်ယာ၊ လယ်ယာများကို အဓိကအားထားအမှီပြု၍ လုပ်ကိုင်စားသောက်ရသဖြင့် ကဆုန်လတွင် ကောက်ဦးချပွဲ၊ ဝါခေါင်လတွင် ယာခင်းစားပွဲနှင့် တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်တွင် ကောက်သစ်စားပွဲတို့ကို တစ်နှစ်တစ်ကြိမ်ကျင်းပကြကြောင်း ဦးလေကျော်အောင်က ဆက်ပြောသည်။

“လယ်ယာလုပ်ကိုင်တဲ့လူတိုင်းဟာ ဒီပွဲကိုလုပ်ရတယ်။ အရင်နှစ်ကလည်း ကိုဗစ်ကြောင့် လုံးဝမလုပ်လိုက်ရဘူး။ ဒီနှစ်တော့ ကိုဗစ်စည်းကမ်းချက်နဲ့အညီလုပ်ရတာပေါ့” ဟုပြောသည်။

ရခိုင်တစ်ပြည်နယ်လုံးတွင် ခမီတိုင်းရင်းသားလူမျိုး ဦးရေ ၁ သိန်းခန့်ရှိပြီး မြောက်ဦး၊ အမ်း၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တောနှင့် ပေါက်တောမြို့နယ်တို့တွင် အခြေချနေထိုင်ကြကြောင်း သိရသည်။

 

August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...