တိုက်ပွဲဆက်ဖြစ်မဖြစ် မြန်မာစစ်တပ်အပေါ်အများကြီးမူတည်ဟု AA ပြောခွင့်ရသူဦးခိုင်သုခဆို

တိုက်ပွဲဆက်ဖြစ်မဖြစ် မြန်မာစစ်တပ်အပေါ်အများကြီးမူတည်ဟု AA ပြောခွင့်ရသူဦးခိုင်သုခဆို

မစ္စတာဆာဆာကာဝါမှ ကြားဝင်စေ့စပ်ပေးနေသော်လည်း မြေပြင်တွင် တင်းမာမှုတချို့ ဆက်ရှိ နေသေး၍ တိုက်ပွဲဖြစ်မဖြစ်မှာ မြန်မာစစ်တပ်အပေါ် အများကြီးမူတည်နေကြောင်း ရက္ခိုင့်တပ်တော်(AA) ပြောခွင့်ရသူ ဦးခိုင်သုခက နိရဥ္စရာသို့ ပြောဆိုသည်။

“သူစေ့စပ်ညှိ့နှိုင်းပေးတာတော့မှန်ပါတယ်။ ဒါပေမယ့်လည်းပဲ မြေပြင်မှာတင်းမာမှုတချို့ကတော့ ဆက်လက်ပြီးတော့ ရှိနေဆဲဖြစ်ပါတယ်။ တိုက်ပွဲတွေဆက်ဖြစ်မယ် မဖြစ်ဘူးဆိုတာကတော့ မြန်မာစစ်တပ်ပေါ်မှာ အများကြီး မူတည်ပါတယ်။ သူတို့ဖက်ကနေပြီးတော့ ထိုးစစ်ဆင်လာလို့ ရှိရင်တော့ တိုက်ပွဲက အချိန်မရွေးထပ်ဖြစ်နိုင်တဲ့အနေအထားရှိပါတယ်” ဟု ဦးခိုင်သုခကဆိုသည်။

ဂျပန်အစိုးရ၏ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးအထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါနှင့် ရက္ခိုင့်တပ်တော်(AA)မှ ခေါင်းဆောင်တို့ နိုဝင်ဘာ ၁၂ ရက်နေ့က အွန်လိုင်းမှတဆင့် တွေ့ဆုံခဲ့ကြပြီး  မစ္စတာဆာဆာကာဝါမှ AA ခေါင်းဆောင်များကို တစ်ဖက်နှင့် တစ်ဖက်ထိတွေ့ တိုက်ပွဲများ မဖြစ်ပွားစေရေး အောက်ခြေတပ်သားအဆင့်ထိ ညွှန်ကြားထားရန် တိုက်တွန်းပြောကြားခဲ့ကြောင်း နိုဝင်ဘာ ၁၅ ရက်နေ့ စစ်တွေမြို့ ပြည်နယ်အစိုးရ ရိပ်သာတွင် သတင်းထောက်များနှင့်တွေ့ဆုံစဉ် မစ္စတာဆာဆာကာဝါက ပြောဆိုခဲ့သည်။

ထိုသို့ မစ္စတာ ဆာဆာကာဝါက ပြောကြားထားသော်လည်း လက်ရှိအခြေအနေအရ AA အနေဖြင့် တိုက်ပွဲဖြစ်မဖြစ်ကို အတိအကျပြောဆိုရန် ခက်ခဲနေသေးကြောင်း ဦးခိုင်သုခက ဆက်ပြောသည်။

“မစ္စတာဆာဆာကာဝါရဲ့ကြားဝင်ညှိ့နှိုင်းပေးမှုကြောင့် ရခိုင်ဒေသမှာတိုက်ပွဲတွေ ဆက်လက်ပြီးတော့ ငြိမ်သက်နေမလားဆိုတာကတော့ အတိအကျပြောဖို့တော့ ခက်ပါတယ်။ အဓိက မြန်မာစစ်တပ် အပေါ် မူတည်ပါတယ်” ဟုသူကဆက်ပြောသည်။

မစ္စတာဆာဆာကာဝါနှင့် ရက္ခိုင့်တပ်တော် (AA) ခေါင်းဆောင်များ ဆွေးနွေးမှုများ ရှိခဲ့ပြီးနောက် AA ဖက်မှ ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန့် ၁၅ ဦးကို နိုဝင်ဘာ ၁၅ ရက် ည ၇ နာရီကျော်က မြန်မာစစ်တပ်သို့ လွှဲ ပြောင်းပေးအပ်ခဲ့သည်။

 AA က ထိုကဲ့သို့ လွှတ်ပေးခဲ့မှုအပေါ်  ငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်သည့် လုပ်ရပ်ဟု ဆိုကာ ရခိုင်အမျိုးသားပါတီ (ANP)  ပါတီ အပါအဝင် အများကကြိုဆိုခဲ့ကြသည်။

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...