ဖားအံမြို့တွင် အင်္ကျီတံဆိပ်ရိုက်လုပ်ငန်းနှင့် ကရင်အထည်များ အရောင်းအဝယ် ကောင်းလာ

ဖားအံမြို့တွင် အင်္ကျီတံဆိပ်ရိုက်လုပ်ငန်းနှင့် ကရင်အထည်များ အရောင်းအဝယ် ကောင်းလာ

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ကိုဗစ်စတင်ဖြစ်ပွားမှုနှင့် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးကတည်းက အရောင်းအဝယ် ငြိမ်သက်ခဲ့သည့် အင်္ကျီတံဆိပ်ရိုက်လုပ်ငန်းနှင့် ကရင်အထည်များမှာ ပြီးခဲ့သည့် အောက်တိုဘာလမှစတင်ပြီး အရောင်း အဝယ်ကောင်းလာသည်ဟု လုပ်ငန်းရှင်များထံမှ သိရှိရသည်။

နယ်ကျေးရွာလူငယ်အဖွဲ့၊ ကျောင်းဆရာဆရာမနှင့် အထည်ဆိုင်ရောင်းသူများက မှာယူမှုများလာသည့်အတွက် ယခုလို အရောင်းအဝယ် ပြန်ကောင်းလာခြင်းဖြစ်သည်ဟု ကရင်ရိုးရာအထည်ဆိုင်နှင့် အင်္ကျီတံဆိပ်ရိုက်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

"အခုက ကထိန်ရာသီဆိုတော့ နဲနဲတော့ အလုပ်တက်လာတယ်ပေါ့နော်။ ဟိုကိုဗစ်ဖြစ်ပြီးကတည်းက ငြိမ်သွားတာ ကြာပြီးလေ။ အခုကလည်း ကထိန်ရာသီဆိုတော့ နဲနဲမှာယူတာတွေ များလာတယ်။ ဒါပေမယ့် ဈေးကတော့ အရင်က ထက် တက်တယ်ပေါ့နော်။ ရွာက လူငယ်အဖွဲ့တွေ မှာယူတာများတယ်။"ဟု ကေအိုင်စီသို့ ပြောသည်။

ကိုဗစ်ဖြစ်ပွားချိန်မှစပြီး အော်ဒါမှာယူမှုနည်းပါးလျက်ရှိကာ ယခုလို အောက်တိုဘာလလောက်တွင် လုပ်ငန်းများ ပြန် လည် လည်ပတ်နိုင်ခြင်းဖြစ်ပြီး ကရင်အထည်ဆိုင်ထက် အင်္ကျီတံဆိပ်ရိုက်လုပ်ငန်းက ပိုပြီးအမြတ်ငွေရရှိသလို ပွဲရှိမှ သာလျှင် ကရင်အထည်များကို ရောင်း၍အဆင်ပြေကြောင်း လုပ်ငန်းရှင်များက ပြောသည်။

စစ်အာဏာသိမ်းနောက်ပိုင်း ငွေလဲနှုန်းမြှင့်တက်လာသည့်အတွက် ယခင်ကထက် ဈေးတက်လာ၍ ယခင်တံဆိပ် ရိုက် အင်္ကျီတစ်ထည်လျှင် ပျမ်းမျှ ၂၅၀၀ကျပ် ရင်းနှီးခဲ့ရပြီး ယခု ၂၉၀၀ကျပ်အထိ ရင်းနှီးရသည်ဟု အင်္ကျီတံဆိပ်ရိုက် လုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရှိရသည်။

ကရင်ပြည်နယ်ရှိ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးနှင့် လှိုင်းဘွဲစသည့်မြို့နယ်ရှိ ကရင်ရိုးရာအထည်ဆိုင်များသည် လည်း အိန္ဒု၊ သံဖြူဇရပ်နှင့် ဖားအောက် ရက်ကန်းရုံများတွင် တိုက်ရိုက်မှာယူမှုရှိပြီး ယခုလိုကာလတွင် ကုန်ဈေးနှုန်း တက်သော်လည်း မင်္ဂလာဆောင်ပွဲ၊ ရာသီအလှူပွဲများရှိသည့်အတွက် ရောင်းအားကောင်းလာခြင်းဖြစ်သည်ဟု ဆိုင်ရှင် အများစုက ပြောသည်။

ဖားအံမြို့တွင် မယု၊ ဒိုင်းမွန်း၊ ကျေးဇူးတော်၊ ရှူးထဘာ၊ ကောင်းကင်ပြာ၊ လျာ.ဖါန်နှင့် စတီဘင်ဂျီ စသည့် ကရင်ရိုးရာ အထည်ဆိုင်နှင့် အင်္ကျီတံဆိပ်ရိုက်လုပ်ငန်းပေါင်း ၂၀ ဝန်းကျင်ခန့်ရှိသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရှိရ သည်။

ဖားအံမြို့ရှိ အင်္ကျီတံဆိပ်ရိုက်လုပ်ငန်းအများစုတွင် လိုအပ်သည့် ကုန်ကြမ်းဆေးရည်များကို မော်လမြိုင်နှင့် ရန်ကုန် တွင် မှာယူရသည်ဟု လုပ်ငန်းရှင်များက ပြောသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...