စစ်ရေးတင်းမာနေသည့် မောင်တောမြို့နယ်မြောက်ပိုင်းတွင် သေနတ်ပစ်ခတ်သံများဆက်ကြားခဲ့ရဟုဆို

စစ်ရေးတင်းမာနေသည့် မောင်တောမြို့နယ်မြောက်ပိုင်းတွင် သေနတ်ပစ်ခတ်သံများဆက်ကြားခဲ့ရဟုဆို

စစ်ရေးတင်းမာနေသည့် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း မင်းခမောင်းနှင့် ငါးရံ့ချောင်း ကျေးရွာ မိုင်တိုင်အမှတ်(၃၉)အနီး တောင်တန်းများပေါ်တွင် နိုဝင်ဘာ ၁၁ ရက် နံနက် ၁၁ နာရီခန့်က သေနတ် ပစ်ခတ်သံများကို တစ်နာရီခန့် ကြားခဲ့ရကြောင်း ဒေသခံများက နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

မင်းခမောင်းကျေးရွာသားတစ်ဦးက “မိနစ်ငါးဆယ်အကြာလောက် ပစ်သံကြားရတယ်။ လက်နက်ကြီး ပစ်သံတော့မဟုတ်ဘူး။ လက်နက်ငယ် အသံတွေဆက်တိုက်ကြားရတယ်။ ရွာပြင်မှာ  နွားကျောင်းနေတဲ့ ရွာသားတွေတော့ ရွာထဲပြန်ဝင်ပြေးလာကြတယ်” ဟုပြောသည်။

အဆိုပါ မောင်တောမြို့နယ် နယ်စပ် မင်္ဂလာညွှန့်နှင့် တမန်းသားကျေးရွာအနီးတွင် နိုဝင်ဘာလ ၉ ရက်နေ့ နံနက်က အေအေ နှင့် မြန်မာစစ်တပ်တို့အကြား အပြန်အလှန် ထိတွေ့ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် စစ်ရေးတင်းမာနေခဲ့သည့် နေရာဖြစ်သည်ဟု ၎င်းကပြောဆိုသည်။

ယနေ့ သေနတ်သံများကြားရသည့် မင်းခမောင်းကျေးရွာအနီးရှိ တောင်တန်းမှာ ယခင်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည့် တောင်တန်းနှင့်တစ်ဆက်တည်းဖြစ်ကြောင်း  ၎င်းက ဆက်ပြောသည်။

ရက္ခိုင့်တပ်တော် (AA) မှ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကလည်း နိုဝင်ဘာ ၉ ရက်နေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနာက်ပိုင်း ယမန်နေ့ နိုဝင်ဘာ ၁ဝ ရက်နေ့ ညနေပိုင်းအထိ ၎င်းတပ်ဖွဲ့နှင့် မြန်မာစစ်တပ်တို့အကြား စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်းပြောသည်။

“မနေ့ညကထိအောင်တော့ ဟိုဖက်ဒီဖက်တပ်တွေအသင့်အနေတည်ထားကြတယ်။ တင်းမာနေတုန်းပဲ မနေ့ကထိတော့။ ဒီနေ့အခြေအနေကို မမေးကြည့်ရသေးဘူး” ဟု ယနေ့ နံနက်က ပြောဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တပ်မတော် ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းအား မေးမြန်းစုံစမ်းရန် နိရဥ္စရာမှ အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိ၍ တပ်ဘက်က သဘောထားကို မသိရှိသေးပါ။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ စတင်ရပ်သွားခဲ့သည်မှာ ၂၀၂၀ နိုဝင်ဘာ ၁၁ရက်နေ့က ဖြစ်ပြီး တစ်နှစ်ခန့်အကြာ နိုဝင်ဘာ ၁၀ ရက်နေ့က စတင်ပြီး သေနတ်သံများ ပြန်ကြားလာရခြင်း ဖြစ်သည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...