မောင်တောမြောက်ပိုင်း သေနတ်သံများကြားရသဖြင့် ဒေသခံများစိုးရိမ်မှုမြင့်တက်

မောင်တောမြောက်ပိုင်း သေနတ်သံများကြားရသဖြင့် ဒေသခံများစိုးရိမ်မှုမြင့်တက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း တမန်းသားကျေးရွာနှင့် ရေနောက်ငါးသား ကျေးရွာ အနီးတွင် ယနေ့ နံနက်က သေနတ်ပစ်ခတ်သံများ ဆက်တိုက်ကြားခဲ့ရသဖြင့် ဒေသခံများ စိုးရိမ်မှုမြင့်တက်နေသည်ဟု သတင်းရရှိသည်။

ယမန်နေ့နံနက် ၁၁နာရီခန့်က  ၎င်းသေနတ်သံများကို အချိန်အနည်းငယ်ကြာ ကြားခဲ့ရသည်ဟု အနီးအနားရှိ ဒေသခံ ရွာသားများက ပြောသည်။

 အမည်မဖော်လိုသူ တမန်းသားကျေးရွာသားတစ်ဦးက “ လက်နက်ကြီးပစ်သံ လေးငါး၊ ခြောက်ချက်လောက် ကြားလိုက်တယ်။ AA နဲ့ဖြစ်တယ်လို့ ပြောနေကြတယ်။ ရွာသားတွေအနေနဲ့ တိတိကျကျ မပြောနိုင်ဘူး။ ရွာသားတွေကတော့ ကြောက်နေကြတယ်”ဟု ပြောသည်။

 ယမန်နေ့ နံနက်ပိုင်းက တမန်းသားကျေးရွာနှင့် ရေနောက်ငါးသား ကျေးရွာအနီးတွင် မြန်မာစစ်တပ်စစ်ကြောင်းတစ်ခုနယ်မြေရှင်းလင်းစဉ် ရက္ခိုင့်တပ်တော် (AA) စခန်းနှင့် ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ လက်နက်ကြီးပစ်ခတ်သံများ ကျယ်လောင်စွာကြားရကြောင်း  နိရဉ္စရာမှ ဆက်သွယ်မေးမြန်းစဉ် ဒေသခံ တစ်ဦးက ပြောသည်။

 ၄င်းအပြင် နောက်ထပ် ဒေသခံတစ်ဦးကလည်း ညနေ ၄ နာရီခန့်က စစ်တပ်ကားတစ်စီးမှာ တမန်းသားကျေးရွာဖက်သို့ တက်သွားကြောင်း ပြောသည်။

နောက်ထပ် ဒေသခံ တစ်ဦးက  “သူတို့က ဒီဘက်မှာ သူတို့က နယ်မြေရှင်းလင်းရေး လုပ်တယ်လို့ ပြောတယ်။ သွားတဲ့အချိန်မှာ AA စခန်းနဲ့တွေ့တယ်ပေါ့။ အဲဒီမှာ တိုက်ပွဲ ဖြစ်ပွားတယ်လို့ သိရတယ်” ဟု ပြောသည်။

 အဆိုပါကိစ္စနှင့် ပတ်သက်၍ မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူးဦးလှဝင်အား နိရဥ္စရာမှမေးမြန်းရာ ၄င်းမှာနေမကောင်းသဖြင့် ခွင့်ယူထားကြောင်း၊ တစ်စုံတစ်ရာမသိရှိရသေးကြောင်း ပြောသည်။

 ရက္ခိုင့်တပ်တော် (AA)မှ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခအား ဆက်သွယ်မေးမြန်းရာတွင် တစ်စုံတစ်ရာဖြေကြားခြင်း မရှိသေးသဖြင့် AA နှင့် တိုက်ပွဲ ဖြစ်ပွားမှု ဟုတ်/ မဟုတ်ကို နိရဉ္စရာသတင်းဌာန အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

 မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ( AA) တို့အကြား တိုက်ပွဲမဖြစ်သည်မှာ တစ်နှစ်ခန့်ရှိနေပြီဖြစ်ကြောင်း သိရသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...