လက်လုပ်မိုင်းတွေ့ရှိခဲ့သည့် ပလက်ဝအထက(၁)တွင် လုံခြုံရေးစိုးရိမ်၍ ကျောင်းသူ/သားအချို့ ကျောင်းမတက်ရဲ

လက်လုပ်မိုင်းတွေ့ရှိခဲ့သည့် ပလက်ဝအထက(၁)တွင် လုံခြုံရေးစိုးရိမ်၍ ကျောင်းသူ/သားအချို့ ကျောင်းမတက်ရဲ

ချင်းပြည်နယ် ပလက်ဝမြို့ပေါ်မှ အထက(၁)ကျောင်းတွင် လက်လုပ်မိုင်းတွေ့ရှိခဲ့ပြီးနောက် လုံခြုံရေးစိုးရိမ်၍ ကျောင်းသူ၊ ကျောင်းသားအချို့ ကျောင်းမတက်ရဲဖြစ်နေသည်ဟု သိရသည်။

အဆိုပါ စာသင်ကျောင်းတွင် နိုဝင်ဘာ ၅ ရက် (သောကြာနေ့) နေ့လယ်ပိုင်းက မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းတစ်လုံးတွေ့ရှိခဲ့ပြီးနောက် လုံခြုံရေးစိုးရိမ်၍ ကျောင်းသားမိဘအချို့က ၄င်းတို့၏သားသမီးများကို ကျောင်းမပို့ရဲဖြစ်နေကြသည်ဟု ပလက်ဝ အထက(၁)မှ ယာယီကျောင်းအုပ်ဆရာမကြီး ဒေါ်လေးသီတာက နိရဥ္စရာအား ပြောသည်။

“စိတ်မချတဲ့ကျောင်းသားမိဘတွေကတော့ ကျောင်းမပို့ဘူး” ဟုပြောသည်။

အဆိုပါအထက(၁) ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ဦးရေ ၂ ထောင်ကျော်ရှိပြီး သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်းအထိတက်ရောက်ကြကြောင်းသူမက ဆက်ပြောသည်။

အဆိုပါကျောင်း သဇင်ခန်းမအနီးတွင် နိုဝင်ဘာ ၅ ရက်နေ့ နေ့လယ် ၁ နာရီခွဲခန့်က အနက်ရောင် ကြွပ်ကြွပ်အိတ်အတွင်းမှ အင်ဂျင်ဝိုင်ဘူးခွံအတွင်း ပုလဲဓာတ်မြေသြဇာ၊ ဒီဇယ်ရောနှော ထည့်ထားသော ယမ်းအုံ(၁)ခု၊ ဒီတိုနေတာ (၂)ခု၊ Baofeng အမျိုးအစား အိုင်ကွန် အနက်ရောင် (၁)လုံးတို့အား ဝါယာကြိုးဖြင့် ချိတ်ဆက်ပြုလုပ်ထားသော ဒေသန္တရ လက်လုပ်ရိမုမိုင်း(၁)လုံးကို ကျောင်းလုပ်သားတစ်ဦးကတွေ့ရှိခဲ့ပြီး နယ်မြေခံအင်ဂျင်နီယာအဖွဲ့ဝင်များ မှ သက်မဲ့ပြုလုပ်၍ ဖော်ထုတ်ရှင်းလင်း သိမ်းဆည်းခဲ့ရသည်ဟု သိရသည်။

လက်ရှိတွင် အဆိုပါကျောင်းအား ရဲတပ်ကြပ်ကြီးတစ်ဦးပါဝင်သည့် ရဲတပ်ဖွဲ့ဝင်(၅)ဦးစီ အလှည့်ကျ လုံခြုံရေးယူကာ ပုံမှန်အတိုင်းဖွင့်လှစ်ထားသည်ဟု သိရသည်။

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...