ချင်းနိုင်ငံရေးပါတီကြီးနှစ်ခု တစ်ပါတီအဖြစ် ပေါင်းစည်းရန်ဆုံးဖြတ်

ချင်းနိုင်ငံရေးပါတီကြီးနှစ်ခု တစ်ပါတီအဖြစ် ပေါင်းစည်းရန်ဆုံးဖြတ်
by -
ခိုနူမ်းထုန်
ချင်းနိုင်ငံရေးပါတီကြီးနှစ်ခုဖြစ်သည့် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ (CNDP) နှင့် ချင်းတိုးတက်ရေးပါတီ( CPP) ပါတီတို့သည် တစ်ပါတီအဖြစ်ပေါင်းစည်းရန် ဇွန်လ ၁၅ ရက်နေ့က ဆုံးဖြတ်ခဲ့ကြသည်။

CNDP နှင့် CPP ပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဆင့် (CEC) အစည်းအဝေးကို ရန်ကုန်မြို့တွင် ဇွန်လ ၁၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြပြီး ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ် သည်ဟု ယမန်နေ့ကပူးတွဲ သဘောထားထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ချင်းနိုင်ငံရေးပါတီကြီး (၃) ခုဖြစ်သည့် CNDP, CPP, CLD ပါတီတို့သည် တစ်ပါတီ အဖြစ်ပေါင်းစည်းရေးကို ၂၀၁၆ခုနှစ် မေလမှစ၍ ကြိုးပမ်းလာခဲ့ကြပြီး တစ်နှစ်ကျော်ကြာ လာသော်လည်း ရှေ့မတိုးနိုင် ဖြစ်နေခဲ့သည်။

နောက်ပိုင်းတွင် ချင်းပြည်နယ်အတွင်းရှိ တီးတိန်၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်၊ ကန်ပက်လက်၊ မတူပီ၊ ပလက်ဝ စသည့်မြို့နယ်များအပြင် ကလေး၊ တမူးမြို့နယ်များရှိ ချင်းဒီမိုကရေစီ အဖွဲ့ချုပ ်(CLD)၊ ချင်းအမျိုးသား ဒီမိုကရက်တစ် ပါတီ (CNDP) နှင့် ချင်းတိုးတက်ရေးပါတီ (CPP) တို့မှ မြို့နယ်အဆင့်ကော်မတီဝင်များက တစ်ပါတီအဖြစ်ပေါင်းစည်းရန် သဘော တူည ီကြောင်း လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြသည့်နောက်ပိုင်း ယခုကဲ့သို့ CNDP နှင့် CPP ပါတီတို့ ပေါင်းစည်းရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

CNDP အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်က “ တစ်နှစ်ကျော်ကြာ ကြိုးပမ်းလာခဲ့ရသည့် အနေအထားအရ “အားလုံးပါ၀င်မှ ပေါင်းစည်းရေး” ဆိုသည့် မူမှာ လက်ရှိတွင်မ လွယ်ကူတော့ မှန်း တွေ့ရှိလာရသည့်အတွက် “ပေါင်းစည်းလိုသူအားလုံး အရင်ပေါင်းစည်းရေး” ဆိုသည့် Alternative မူကို CNDP နှင့် CPP က ယနေ့တွင် မလွဲမရှောင်သာ ရွေးချယ်လိုက်ရပါတယ်’’ ဟု ပြောသည်။

တစ်ပါတီအဖြစ် ပေါင်းစည်းရေးလုပ်ငန်းစဉ်များ ချောမွေ့အဆင်ပြေစေရေးအတွက် လုပ်ငန်းကော်မတီကို အတွင်းရေးမှူးများအဖွဲ့ဖြင့် ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ကြပြီး အခြားချင်း နိုင်ငံရေးပါတီများ၊ ချင်းလူမျိုးကို အခြေခံသော အခြားနိုင်ငံရေး ပါတီများနှင့် တသီးပုဂ္ဂလ ပုဂ္ဂိုလ်များကို တန်းတူပါဝင်နိုင်စေရေးအတွက် တံခါးဖွင့်လက်ကမ်းကြိုဆိုကြောင်း ၎င်းတို့ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“ဒီပေါင်းစည်းမှုသည် CNDP နဲ့ CPP (၂)ပါတီတည်းပေါင်းစည်းခြင်း သက်သက် မဟုတ်ဘဲ ပေါင်းစည်းလိုသူ အားလုံးပါ၀င်ရေး လမ်းကြောင်းဖြစ်ပါတယ်၊ တဆင့်ပြီးတဆင့် ချီတက်ကာ နောက်ဆုံးမှာ ချင်းတစ်ပါတီတည်းအဖြစ် ပေါင်းစည်းသည့် ပန်းတိုင်သို့အရောက် တက်လှမ်းနိုင်ဖို့ဖြစ်ပါတယ်’’ ဆလိုင်းကျဲအိုဘိခ်ထောင်ကဆက်ပြောသည်။

ယခုကဲ့သို့ ချင်း ၂ ပါတီပေါင်းစည်းရန် ဆုံးဖြတ်ကြသည့်အပေါ် ၀မ်းသာကြိုဆိုကြောင်း ချင်းဒီမိုကရေစီ အဖွဲ့ချူပ်(CLD) ပါတီအနေဖြင့် ဇွန်လ ၅ ရက်နေ့က ထုတ်ပြန်သော ချင်းပါတီများအားလုံး မဟာမိတ်အဖြစ် အရင်ပေါင်းစည်းရေးဆိုသည့် ၎င်းတို့၏ကြေညာချက်လမ်းစဉ်အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဟု ပါတီဥက္ကဌ ဦးငိုင်ဆာခ့်ကပြောသည်။

“သူတို့အမြင်က ကျန်တဲ့ပါတီက မလိုသေးဘူး ချင်းပါတီ ၃ ပါတီပေါင်းမယ်ပေါ့ ချက်ချင်းပါတီ ဖျက်မယ် ပေါင်းမယ် အဲဒီပုံစံနဲ့လုပ်တယ် ကျနော်တို့ကျတော့ စနစ်ကျလေး ပေါင်းပြီးတော့ မူဝါဒတွေကြေလည်ညှိ သေချာလုပ်ပြီးခါမှပေါင်းလိုက်ရင် ရခိုင်က ALD နဲ့ ANDP ပြန်ကွဲသလို မျိူးမဖြစ်ရအောင် ကျနော်တို့ကသေချာလုပ်ချင်တယ် အဲဒါသူတို့က မစောင့် နိုင ်ဘဲနဲ့လုပ ်တယ်ဆိုတော့ ကျနော်တို့က မကန့်ကွက်ပါဘူး ကြိုဆိုပါတယ်၊ ပူးပေါင်းတယ ်ဆိုတာက ကောင်းတဲ့ကိစ္စပဲလေ ၀မ်းသာပါတယ်၊ ကျနော်တို့အနေနဲ့လည်း ဆက်လက်ပြီးတော့ ကြေညာချက်ထုတ်တဲ့အတိုင်းပဲ ညီလာခံကို အောက်တိုဘာလမှာ လုပ်မယ်ဆုံးဖြတ်မယ် ကျနော်တို့လမ်းစဉ်တိုင်းဆက်လုပ်မယ်’’ ဟုု ဦးငိုင်ဆာခ့်ကပြောသည်။

ဇွန်လ ၅ ရက်နေ့က ထုတ်ပြန်သော CLD ၏ ကြေညာချက်တွင် ချင်းနိုင်ငံရေးပါတီ တစ်ပါတီ အဖြစ် ပေါင်းစည်းနိုင်ရေးအတွက် CPP၊ CNDP နှင့် CLD ပါတီ အပါအဝင် အခြားချင်း ပါတီ များဖြစ်ကြသော ZCD, ACNP, ENDP, KNP, ZNRDP စသည့် ချင်းနိုင်ငံရေး ပါတီများ အားလုံး ပါ၀င်သော ချင်းပါတီများမဟာမိတ်အဖွဲ့ အဖြစ်ပေါင်းစည်းကာ ၂၀၁၈ ခုနှစ် မတ်လတွင် ပါတီအားလုံးမှ ကိုယ်စားလှယ်ညီတူညီမျှပါ၀င်သည့် ညီလာခံ ကျင်းပပြီး တစ်ပါတီအဖြစ် ပေါင်းစည်းရေးကို အတည်ပြုရန်ဖြစ်သည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...