ရုပ်မြင်သံကြားနှင့် အသံလွှင့်ဥပဒေကို ပြစ်ဒဏ်တိုးမြှင့်ပြင်ဆင်ခြင်းသည် မီဒီယာလုပ်ငန်းကို ထိန်းချုပ်မှုပိုကြီးမားလာခြင်းဟုဆို

ရုပ်မြင်သံကြားနှင့် အသံလွှင့်ဥပဒေကို ပြစ်ဒဏ်တိုးမြှင့်ပြင်ဆင်ခြင်းသည် မီဒီယာလုပ်ငန်းကို ထိန်းချုပ်မှုပိုကြီးမားလာခြင်းဟုဆို

ရုပ်မြင်သံကြားနှင့် အသံလွှင့်ခြင်းဆိုင်ရာဥပဒေကို နစကကောင်စီက ပြစ်ဒဏ်တိုးမြှင့်ပြင်ဆင်လိုက်ခြင်းသည် မီဒီယာလုပ်ငန်းအပေါ် ထိန်းချုပ်မှုပိုကြီးမားလာခြင်းဖြစ်ကြောင်း ရခိုင်ပြည်အခြေစိုက် DMG သတင်းဌာနမှ Operation Manager ဦးဇော်ဇော်က နိရဉ္စရာကို ပြောသည်။

"အရင်တုန်းက ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာမှာတော့ ထောင်ဒဏ်တွေက မပါဘူးလေ။ အခုက ထောင်ဒဏ်ရော၊ ငွေဒဏ်ရော ဒဏ်၂ ရပ်လုံးပါဆိုတဲ့စကားပါလာတော့ ကျွန်တော်တို့မီဒီယာလုပ်ငန်းတွေပေါ်မှာ ထိန်းချုပ်မှုက ပိုပြီးတော့ကြီးမားလာတယ်ပေါ့”ဟု ပြောသည်။

ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၉၆ တွင် ယခင်က ပြဋ္ဌာန်းထားသော “ငွေဒဏ် ကျပ်သိန်း ၃၀၀ မှ ကျပ်သိန်း ၅၀၀ အထိ” ပြဋ္ဌာန်းချက်ကို “အနည်းဆုံး သုံးနှစ်မှ ငါးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၃၀၀ မှ ကျပ်သိန်း ၅၀၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်သည်” ဟု နိုဝင်ဘာလ ၁ ရက် ရက်စွဲဖြင့် နစကကောင်စီက ပြင်ဆင်ပြဋ္ဌာန်းလိုက်ခြင်းဖြစ်သည်။

အဆိုပါဥပဒေပုဒ်မ ၉၇ တွင် “ငွေဒဏ် ကျပ်သိန်း ၅၀ မှ ကျပ်သိန်း ၁၀၀ အထိ” ပြဋ္ဌာန်းချက်ကို "အနည်းဆုံး ခြောက်လမှ အများဆုံး တစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၅၀ မှ ကျပ်သိန်း ၁၀၀ အထိ ထောင်ဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံး ချမှတ်နိုင်သည်” ဟု ပြင်ဆင်ပြဋ္ဌာန်းလိုက်သည်။

ယင်းအပြင် ရုပ်မြင်သံကြား ဥပဒေပုဒ်မ ၉၈ တွင် ပြဋ္ဌာန်းထားသော “ငွေဒဏ် ကျပ်သိန်း ၁၀၀ မှ ကျပ်သိန်း ၃၀၀ အထိ” ပြဋ္ဌာန်းချက်ကို “အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၁၀၀ မှ ကျပ်သိန်း ၃၀၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်သည်”ဟု ပြင်ဆင်လိုက်သည်။

အလားတူ ပုဒ်မ ၉၉ တွင် ပြဋ္ဌာန်းထားသော “ငွေဒဏ် ကျပ်သိန်း ၃၀၀ မှ ကျပ်သိန်း ၅၀၀ အထိ” ပြဋ္ဌာန်းချက်ကို “အနည်းဆုံး သုံးနှစ်မှ အများဆုံး ငါးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၃၀၀ မှ ကျပ်သိန်း ၅၀၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် ချမှတ်နိုင်သည်”ဟု ပြင်ဆင်လိုက်သည်။

အဆိုပါဥပဒေပြင်ဆင်ချက် ပုဒ်မ(၂)သည် ယခင်က ရုပ်မြင်သံကြားနှင့် ရေဒီယိုထုတ်လွှင့်သူများအတွက်သာ ကန့်သတ်ထားသည်ကိုကျော်လွန်ပြီး ယခုအခါ YouTube ၊ Facebook ၊ Tik Tok ၊ မီဒီယာဝက်ဆိုဒ်များနှင့် ဗွီဒီယိုများ၊ ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် ဒစ်ဂျစ်တယ်ဗားရှင်းများကိုလွှင့်တင်ရန်အသုံးပြုသည့် အခြား ပလပ်ဖောင်းများအပါအဝင် အင်တာနက်အတွက်လည်း အကျုံးဝင်သည်။

ပြင်ဆင်ချက်ပုဒ်မ(၃)သည် လိုင်စင်မရှိဘဲရုပ်သံလွှင့်ခြင်းကို ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်ပြီး တည်နေရာမခွဲခြားဘဲ အင်တာနက်ပေါ်တွင်ထုတ်လွှင့်သည့် မည်သူ့ကိုမဆိုအကျုံးဝင်သောကြောင့် ပြင်တွင်းမီဒီယာများအပြင် ပြည်ပမီဒီယာများကိုလည်း အသုံးပြုနိုင်ကြောင်းနှင့် ပုဒ်မ(၄)နှင့် (၆)တို့သည် လိုင်စင်သက်တမ်းကုန်ဆုံးချိန် (သို့မဟုတ်) ရပ်စဲသည့်အခါတွင် ရုပ်သံလွှင့်ခြင်းကို ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်ကြောင်း ပါရှိသည်။

ယခုလို ပြင်ဆင်လိုက်ခြင်းကြောင့် ရုပ်သံအစီစဉ်များကို လိုင်စင်မရှိဘဲ လုပ်၍မရသည့် သဘောသက်ရောက်ကြောင်း ဝါရင့်သတင်းစာဆရာလည်းဖြစ်၊ ယခင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ တွဲဘက်အတွင်းရေးမှူးဟောင်း ဦးမြင့်ကျော်က သုံးသပ်သည်။

"လိုင်စင်ယူရအောင် သူတို့မှာရုပ်သံကောင်စီဆိုတာလည်း ဖွဲ့တော့မဖွဲ့ရသေးဘူး။ သို့သော်လည်း လိုင်စင်မရှိတဲ့အတွက် လုပ်လို့မရဘူးဆိုတဲ့သဘော သက်ရောက်သွားတယ်"ဟု ပြောသည်။

ယင်းအပြင် ပုဒ်မ ၁၀၅ ၏နောက်တွင် ပုဒ်မ ၁၀၅-က ကိုဖြည့်စွက်ကာ ပြစ်မှုများကို တရားရုံးဝရမ်းမပါဘဲ ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်ထားသည်။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂ဝ၁၅ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် ရုပ်မြင်သံကြားနှင့် အသံလွှင့်ခြင်းဆိုင်ရာဥပဒေကို စစ်အာဏာသိမ်းပြီးနောက် ပြင်ဆင်ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်သည်။

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...