ရခိုင်သို့ ဆိုင်ကယ်တင်သွင်းခွင့် ကန့်သတ်ခံရ

ရခိုင်သို့ ဆိုင်ကယ်တင်သွင်းခွင့် ကန့်သတ်ခံရ

ရခိုင်ပြည်နယ်သို့ ဆိုင်ကယ်များတင်သွင်းရာတွင် ကန့်သတ်ခံရမှုရှိလာနေပြီး လိုင်စင်ထွက်ပြီးသား ဆိုင်ကယ်များကိုသာ တင်သွင်းခွင့်ရရှိတော့သည်ဟု ဆိုင်ကယ်အရောင်းဆိုင်များမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလမှစတင်ကာ ယခုကဲ့သို့ကန့်သတ်ခံနေရခြင်းဖြစ်ပြီး ယခုကဲ့သို့ကန့်သတ်လိုက်သည့်အတွက် ဆိုင်ကယ်မှာယူတင်သွင်းချိန် ကြန့်ကြာနေရသလို ရောင်းချရာတွင်လည်း အခက်အခဲများဖြစ်ပေါ်နေသည်ဟု စစ်တွေမြို့မှ ဆိုင်ကယ်အရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

“လိုင်စင်လုပ်ဖို့အတွက် သူ့ Process ကိုလုပ်ရတာက အချိန်ကြာတယ်လေ။ နောက်ပြီး လိုင်စင်ထွက်ပြီးသားကို ရောင်းရတာက အဆင်မပြေတာရှိတယ်။ တချို့က လိုင်စင်ထွက်ပြီးသားဆိုတော့ မယူချင်ကြဘူး။ ဘာကြောင့် အခုလိုလုပ်လိုက်လဲ မသိဘူး”ဟု ပြောသည်။

လက်ရှိတွင် တရုတ်နယ်စပ်ကိုပိတ်ထားသည့်အတွက် မန္တလေးရှိ တရုတ်ဘီးများနှင့် ယိုးဒယားဘီးများကိုသာ ရခိုင်သို့ ကုန်းလမ်းဖြင့် အဓိကမှာယူတင်သွင်းနေရခြင်းဖြစ်သည်။

လိုင်စင်ထွက်ပြီးသားဆိုင်ကယ်များကိုသာတင်သွင်းခွင့်ရတော့၍ လိုင်စင်များသည်လည်း မန္တလေးလိုင်စင်များသာဖြစ်သွားမည်ဟု ဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ကောင်စီ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ယခုကိစ္စကို အတိအကျမသိသေးကြောင်း နိရဉ္စရာကို ပြောသည်။

“လောလောဆယ် အတိအကျပြောဖို့တော့ နည်းနည်းခက်တယ်။ ငါတို့ ပြည်နယ်အစိုးရသဘောကတော့ ဆိုင်ကယ်ကို ယူလာပြီး ရခိုင်မှာ လိုင်စင်လုပ်လို့ရှိရင် ပြည်နယ်အစိုးရ ရန်ပုံငွေရမယ်။ လိုင်စင်မဲ့ ဆိုင်ကယ်တွေ တင်သွင်းခွင့် ရ/မရကို တိုင်းမှူးတို့နဲ့ လုပ်တဲ့အစည်းအဝေးကျမှပဲ သိနိုင်မယ်”ဟု ပြောသည်။

ယခုကိစ္စကို ဖြေလျှော့ပေးရန် စစ်တွေရှိ ဆိုင်ကယ်အရောင်းဆိုင်ပိုင်ရှင်အချို့က ရခိုင်ပြည်နယ်ကောင်စီအဖွဲ့ဝင် စီးပွားရေးဝန်ကြီး ဦးစံရွှေမောင်နှင့် ပြည်နယ်ကညနရုံးမှတာဝန်ရှိသူတို့နှင့်တွေ့ဆုံကာ ပြည်နယ်ဝန်ကြီးချုပ်မှတဆင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးထံ တင်ပြထားသော်လည်း ထူးခြားမှုမရှိသေးဟု သိရသည်။

ယခင်က ရခိုင်သို့ ဆိုင်ကယ်များတင်သွင်းသည့်အခါ လိုင်စင်မထွက်သည့်ဆိုင်ကယ်များကိုလည်း တင်သွင်းခွင့်ရရှိခဲ့ပြီး ရခိုင်သို့ရောက်မှသာ ဒေသလိုင်စင်အဖြစ် ပြောင်းလဲလုပ်ခွင့်ရခဲ့သည်ဟု သိရသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...