သံတွဲတွင် PDF ကိုငွေထောက်ပံ့သည်ဟုဆိုကာ အသက်မပြည့်သေးသည့် ၁ဝ တန်းကျောင်းသူတစ်ဦး ဖမ်းဆီးခံရ

သံတွဲတွင် PDF ကိုငွေထောက်ပံ့သည်ဟုဆိုကာ အသက်မပြည့်သေးသည့် ၁ဝ တန်းကျောင်းသူတစ်ဦး ဖမ်းဆီးခံရ

ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ အသက်မပြည့်သေးသည့် ၁ဝ တန်းကျောင်းသူတစ်ဦးသည် PDF အား ငွေကြေးထောက်ပံ့သည်ဟုဆိုကာ ရဲတပ်ဖွဲ့၏ဖမ်းဆီးခြင်းကိုခံလိုက်ရသည်ဟု သိရသည်။

 

ဖမ်းဆီးခံရသည့် ကျောင်းသူမှာ အသက် ၁၇ နှစ်အရွယ် မသိမ့်အေးချမ်းဖြစ်ပြီး သံတွဲအထက ၁ တွင် ဇီဝဘာသာတွဲဖြင့် ၁ဝ တန်းကို တက်ရောက်သင်ယူခဲ့သူဖြစ်သည်။

 

လက်ရှိတွင် ကျန်းမာရေးမကောင်းသဖြင့် ကျောင်းပြန်မတက်နိုင်သေးဘဲ သံတွဲမြို့၊ အမှတ် ၇ ရပ်ကွက် ရေအားလျှပ်စစ်ကွင်းရှိနေအိမ်တွင် မိသားစုနှင့်နေထိုင်နေစဉ် ယမန်နေ့ နိုဝင်ဘာလ ၃ ရက် ညနေ ၇ နာရီတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် သံတွဲမြို့မရဲစခန်းမှ ရဲအရာရှိများလာရောက်ဖမ်းဆီးသွားကြောင်း အဒေါ်ဖြစ်သူ ဒေါ်မေပိုက်ပိုက်ထွန်းက နိရဥ္စရာသို့ ပြောသည်။

 

"ကျမတို့တူမလေးက အသက်လည်းပြည့်သေးတာ မဟုတ်ဘူး။ အိမ်မှာကစားနေတဲ့အရွယ်။ သူက ဖုန်းတွေဘာတွေသုံးတဲ့ ကလေးလည်းမဟုတ်ဘူး။ စာကိုလည်း တစိုက်မတ်မတ်လုပ်တဲ့သူ။ အဲဒီကစားတဲ့အရွယ်လေးက PDF ကို ငွေကြေးထောက်ပံ့တာ ဖြစ်နိုင်ပါ့မလား"ဟု ပြောသည်။

 

အဆိုပါကျောင်းသူသည် PDF ကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ အထက်က တိုင်ကြားချက်အမိန့်အရ စစ်ဆေးစရာရှိ၍ ယခုကဲ့သို့ဖမ်းဆီးရခြင်းဖြစ်သည်ဟု သံတွဲမြို့မရဲစခန်းက သူမ၏အဒေါ်ဖြစ်သူအား ပြောဆိုခဲ့သည်ဟုလည်း သိရသည်။

 

လက်ရှိတွင် အဆိုပါကျောင်းသူအား သံတွဲမြို့မရဲစခန်းတွင်ထိန်းသိမ်းထားပြီး မည်သည့်ပုဒ်မဖြင့် မည်သူက အမှုဖွင့်ထားသည်ကို မသိရသေးဟု ဒေါ်မေပိုက်ပိုက်ထွန်းက ဆက်ပြောသည်။

 

ယခုကိစ္စနှင့်ပတ်သက်ပြီး လာရောက်ဖမ်းဆီးစဉ် ပါဝင်ခဲ့သည့် အမှတ် ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ သံတွဲမြို့မရဲစခန်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့အား နိရဥ္စရာက ယနေ့ နိုဝင်ဘာလ ၄ ရက် နံနက် ၉ နာရီခန့်အထိ ဆက်သွယ်ခဲ့သော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ။

 

ရခိုင်တွင် PDF နှင့်ဆက်စပ်သည်ဟုဆိုကာ ငပလီမြို့မှ အသက် ၄၂ အရွယ် ဦးစိန်ချစ်နှင့် အသက် ၂၄ နှစ်အရွယ် ကိုရဲနိုင်ဦး၊ မြောက်ဦးမြို့နယ် ပန်းမော်ကျေးရွာမှ အသက်၂၃ နှစ်အရွယ် ကိုမင်းဒီပါ(ခ)ကိုအောင်နိုင်မြင့်တို့သည်လည်း အကြမ်းဖက်မှုပုဒ်မများဖြင့် ပြီးခဲ့သည့်အောက်တိုဘာလအတွင်းက ဖမ်းဆီးတရားစွဲဆိုခံထားရသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...