စစ်တပ်အာဏာသိမ်းပြီး (၉) လအကြာ လူမှုစီးပွားအခြေအနေ ထက်ဝက်ကျော် ကျဆင်းလာ

စစ်တပ်အာဏာသိမ်းပြီး (၉) လအကြာ လူမှုစီးပွားအခြေအနေ ထက်ဝက်ကျော် ကျဆင်းလာ

စစ်တပ် အာဏာသိမ်းတဲ့ ၉ လတာကာလအတွင်းမှာ လူမှုစီးပွားဘဝတွေ ဆိုးသထက်ဆိုးတဲ့ အခြေအနေကို ရောက်ရှိလာပါတယ်။

နိုင်ငံတော်အာဏာကို လက်နက်အားကိုးပြီး စစ်တပ်က မတရားအာဏာသိမ်းယူခဲ့တာ အခုဆိုရင် ၉ လပြည့်မြောက်သွားပြီး ဖြစ်ပါတယ်။ စစ်တပ် အာဏာသိမ်းတာနဲ့အတူ ဘဏ်ဝန်ဆောင်မှု ကန့်သတ်တာ၊ မြန်မာငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာတာ၊ သွင်းကုန် ပစ္စည်းတွေ ဈေးနှုန်းကြီးမြင့်လာတဲ့အတွက်ကြောင့် စီးပွားရေး ဆက်တိုက်ကျဆင်းလာတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မွန်ပြည်နယ်ရဲ့ စီးပွားရေး လုပ်ငန်းအများစု လည်ပတ်နိုင်တော့ခြင်း မရှိသလို လည်ပတ်နေတဲ့ လုပ်ငန်းတွေကလည်း ထက်ဝက်ခန့် လျော့ကျသွားတယ်လို့ စီးပွားရေး လေ့လာသုံးသပ်သူ တစ်ဦးက အခုလို မှတ်ချက်ပြုပါတယ်။

“ဝင်ငွေဖြစ်စေ လုပ်ငန်း လည်ပတ်မှု ဖြစ်စေပေါ့နော် ခြုံပြီး ပြောမယ်ဆိုရင်လေ လုပ်ငန်းအားလုံး နီးပါးက (၅၀) ရာခိုင်နှုန်းလောက်က လျော့ကုန်တယ်လို့ ကျွန်တော်တို့ မြင်တယ်ဗျ။ ဆိုင်ကြီးတွေကတော့ ရောင်းနေတာ မြင်နေရတယ်၊ သူ့ရောင်းအား ဘယ်လောက်လည်း ဆိုတာ ရှိတယ်လေ၊ လွန်ခဲ့တဲ့ တစ်နှစ်က ရောင်းအားက တစ်သိန်းရှိတယ် ဆိုရင် ဒီနှစ်မှာ (၅) သောင်းပဲရှိတော့မယ်၊ ကျွန်တော်တို့ မြင်တာတော့ (၅၀) ရာခိုင်နှုန်းလောက် လျော့သွားတာပေါ့” လို့ စီးပွားရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။

ဒါကြောင့် ဒီအခြေအနေအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် မွန်ပြည်နယ်ရဲ့ စီးပွားရေးလုပ်ငန်းအများစု ရေရှည်ရပ်တည်ဖို့ မဖြစ်နိုင်သလို မှောင်ခိုဈေးကွက် ပိုမိုကြီးထွားလာနိုင်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုတွေပါ နောက်ပြန်ဆုတ်သွားဖို့ ရှိနေတာ ဖစ်ပါတယ်။

ပြည်နယ်ရဲ့ စီးပွားရေး ကြပ်တည်းလာမှုနဲ့အတူ အလုပ်အကိုင် မရှိတဲ့အတွက်ကြောင့် လက်လုပ်လက်စား အခြေခံလူတန်းစားတွေဟာ မိသားစု စားဝတ်နေရေး ပြဿနာအတွက် ဒုက္ခပင်လယ် ဝေနေကြတာ ဖြစ်ပါတယ်။

“အခက်အခဲကတော့ ကျွန်တော်တို့ အများကြီး ကြုံတွေ့ခဲ့ရတာပေါ့၊ ကျွန်တော်တို့က ကိုဗစ် ပထမလှိုင်းပြီးတော့ ဒုတိယလှိုင်းမှာ ဒုက္ခရောက်နေတဲ့အချိန်မှာ ပြန်ပြီး ဦးမော့ဖို့ အတွက်ကို ရုန်းနေတဲ့ အချိန်မှာ အာဏာကသိမ်းတယ်၊ အာဏာသိမ်းပြီး နောက်ဆက်တွဲ ကိုဗစ်က တတိယလှိုင်း တစ်ခါ ထပ်ဖြစ်တယ်၊ အာဏာသိမ်းတာနဲ့ ကိုဗစ် နှစ်ခု စုပေါင်း သွားပြီးတော့ ဘာမှကို လုပ်စားလို့ အဆင်မပြေတော့ဘူး” လို့ ဆိုင်ကယ် ကယ်ရီမောင်းသူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ မွန်ပြည်နယ်အတွင်း အခြေခံလူတန်းစာတွေဟာ အလုပ်အကိုင် ရှားပါးလာတာ၊ ကုန်ဈေးနှုန်း ကြီးမြင့်မှု ပြဿနာ၊ ဝင်ငွေမရှိတဲ့အတွက် နေထိုင်ရေးပြဿနာတွေနဲ့ ကြုံတွေ့နေရပြီး ရေရှည် ဖြစ်ပေါ်လာပါက အငတ်ဘေးနဲ့ ကြုံတွေ့ရဖို့ ရှိနေတာ ဖြစ်ပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ကတော့ လာမယ့် ၆ လအတွင်း မြန်မာပြည်သူ ၆ ဒသမ ၃ သန်းလောက်ဟာ နိုင်ငံရေးမတည်ငြိမ်တာနဲ့ ကိုဗစ်တတိလှိုင်းဒဏ်ကြောင့် ငတ်မွတ်ခေါင်းပါးမှုကြုံရနိုင်တယ်လို့ ဆိုထားပါတယ်။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...