ဂွမြို့နယ်အပါအဝင် တစ်နိုင်ငံလုံးရှိ မြို့နယ်၄၆ မှအပ ကျန်မြို့နယ်များက အခြေခံပညာကျောင်းများအားလုံးကို နိုဝင်ဘာလ ၁ ရက်နေ့ ပြန်ဖွင့်မည်

ဂွမြို့နယ်အပါအဝင် တစ်နိုင်ငံလုံးရှိ မြို့နယ်၄၆ မှအပ ကျန်မြို့နယ်များက အခြေခံပညာကျောင်းများအားလုံးကို နိုဝင်ဘာလ ၁ ရက်နေ့ ပြန်ဖွင့်မည်

ရခိုင်ပြည်နယ်မှ ကိုဗစ်-၁၉ ဖြစ်ပွားမှု အများဆုံးဖြစ်သည့်  ဂွမြို့နယ်အပါအဝင် တစ်နိုင်ငံလုံးရှိ  မြို့နယ် ၄၆ ခုမှ အပ ကျန်မြို့နယ်များရှိ အခြေခံပညာစာသင်ကျောင်းများ (ပုဂ္ဂလိကကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ) အားလုံးကို နိုဝင်ဘာလ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဟု သိရသည်။

ကိုဗစ် ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ အောက်တိုဘာလ ၂၈ ရက် နေ့စွဲဖြင့် အသိပေးကြေညာချက်ထုတ်ပြန်ရာတွင် တိုင်းနှင့်ပြည်နယ် ၉ ခုမှ မြို့နယ် ၄၆ မြို့အား ချန်လှပ်ကာ ကျန်မြို့နယ်များရှိ ကျောင်းများကို နိုဝင်ဘာ ၁ ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဟု ဖော်ပြသည်။

အခြေခံပညာသင်ကျောင်းများ ဆက်လက်ယာယီပိတ်ထားမည့် မြို့နယ် ၄၆ ခုမှာ ရခိုင်ပြည်နယ်မှ ၁ မြို့နယ် (ဂွ)၊ ကချင်ပြည်နယ်မှ ၆ မြို့နယ်၊ ကယားပြည်နယ်မှ ၃ မြို့နယ်၊ ကရင်ပြည်နယ် ၂ မြို့နယ်၊ ချင်းပြည်နယ် ၂ မြို့နယ် ၊ စစ်ကိုင်းတိုင်းဒေသကြီး ၁ မြို့နယ် ၊ မကွေးတိုင်းဒေသကြီးမှ ၄ မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးမှ ၁ မြို့နယ်နှင့် ရှမ်းပြည်နယ်မှ ၂၆ မြို့နယ် တို့ဖြစ်ကြသည်။

ရခိုင်မှ ဂွမြို့နယ်သည် ပြည်နယ်အတွင်းရှိ မြို့နယ်များအထဲတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု အများဆုံး မြို့နယ်ဖြစ်ပြီး အောက်တိုဘာ ၂၈ ရက်နေ့ထိ ကိုဗစ်-၁၉ တွေ့ရှိသူ ၁၁၀၅ ဦးရှိသည်။ ၎င်းပြင် အောက်တိုဘာ ၂၈ ရက်တွင် တစ်ဦးထပ်မံသေဆုံးခဲ့ပြီး ကိုဗစ်တတိယလှိုင်းအတွင်း သေဆုံးသူ ၃၅ ဦးအထိ ရှိခဲ့သည်။

ဂွမြို့နယ်သည် ကိုဗစ်ကူးစက်မှုမြင့်တက်လာ၍ သြဂုတ်လ ၂၅ ရက်နေ့က ဒေသန္တရအမိန့်ထုတ်ပြန်ပြီး သွားလာမှုကို ကန့်သတ်ခံထားရသည့်မြို့နယ်တစ်ခုဖြစ်သည်။

ကိုဗစ် ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ၏ အောက်တိုဘာလ ၂၈ ရက်  ထုတ်ပြန်ချက်တွင် လွန်ခဲ့သည့် ၁၄ ရက်အတွင်း လူဦးရေတစ်သိန်းလျှင် ဓါတ်ခွဲအတည်ပြုလူနာ တွေ့ရှိမှုနှုန်းနှင့် ပိုးတွေ့ရာခိုင်နှုန်းများကို သုံးသပ်ဆန်းစစ်ပြီးအခုလို ထုတ်ပြန်ခဲ့ကြောင်း ဖော်ပြထားသည်။

တစ်နိုင်ငံလုံးမှအခြေခံပညာစာသင်ကျောင်းများကို ကိုဗစ်ဖြစ်ပွားမှုကြောင့် ၂၀၂၀ မှ စတင်ကာ ဖွင့်လိုက်၊ ပြန်ပိတ်လိုက် ဖြစ်နေခဲ့ပြီး ယခုနှစ် ဇူလိုင် ၉ ရက်နေ့က ထပ်မံ ယာယီပိတ်ထားခဲ့ရပြီး ၃ လ ကျော်အကြာတွင် ပြန်လည်ဖွင့်လှစ်ရန် စီစဉ်လာခြင်းဖြစ်သည်။

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...