မိုင်းရှင်းလင်းရေးမလုပ်ပေးဘဲ နေရပ်ပြန်ခိုင်း၍ စိုးရိမ်သည်ဟုပလက်၀စစ်ဘေးရှောင်များပြော

မိုင်းရှင်းလင်းရေးမလုပ်ပေးဘဲ နေရပ်ပြန်ခိုင်း၍ စိုးရိမ်သည်ဟုပလက်၀စစ်ဘေးရှောင်များပြော
(ဓာတ်ပုံ - Khonumthung)
(ဓာတ်ပုံ - Khonumthung)

ကျေးရွာများနှင့် အနီးဝန်းကျင်ကို မိုင်းရှင်းလင်းရေးမပြုလုပ်ဘဲ ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းအသီးသီးမှ မိသားစုများကို အစိုးရက ထောက်ပံ့ငွေပေးကာ အသုတ်လိုက် နေရပ်ပြန်လွတ်ခိုင်းနေသဖြင့် စိုးရိမ်မှုများရှိနေသည်ဟု စစ်ဘေးရှောင်များက ပြောသည်။

ပလက်၀မြို့ ဘောလုံးကွင်းစစ်ရှောင်စခန်းမှ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “ကျနော်တို့စခန်းကတော့ နည်းနည်းပါးပါးပြန်သွားကြပါပြီ။ ထောက်ပံ့ကြေးငွေလည်း အစီအစဉ်တကျ ပေးတာမျိုးတော့မဟုတ်ဘူး။ နေအိမ်တွေလည်း ပြန်ပြုပြင်ထားတာမရှိသေးဘူး။ မိုင်းတွေလည်း ရှင်းလင်းတာတွေတော့ မမြင်ရတော့ စိုးရိမ်ရတယ်။ နေရပ်ပြန်တာကိုတော့ စက်လှေတွေနဲ့ ကားတွေနဲ့ စစ်တပ်ဖက်က လိုက်ပို့ပေးတာရှိတယ်” ဟုပြောသည်။

ပလက်၀မြို့ပေါ် စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြသူများမှာ တမန်းကျေးရွာ၊ ပလပ်ချောင်း၀ ကျေးရွာ၊ အန်ခိုး၀ကျေးရွာ၊ ဆီဖလောင်းကျေးရွာ၊ အောင်မီးလက်၀ကျေးရွာ၊ စိမ့်စမ်း၀ကျေးရွာ၊ ငဗွီကျေးရွာနှင့်  ဘောင်ဝစသည့် ကျေးရွာများမှဖြစ်ကြပြီး မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့သည့် ၂၀၁၉ နှင့် ၂၀၂၀ ခုနှစ်အတွင်းက ကျေးရွာများကို စွန့်ခွာထွက်ပြေးလာကြသူများ ဖြစ်ကြသည်။

ပလက်၀မြို့ပေါ်တွင် စခန်း ၅ ခုရှိရာ ယင်းအထဲမှ ဘောလုံးကွင်းစစ်ဘေးရှောင်စခန်းမှ အိမ်ထောင်စု ၃၁၉ စုရှိရာအထဲက အိမ်ထောင်စု ၁၂ဝ စု ပြန်သွားခဲ့ကြပြီး ပလက်ဝမြို့ရှိ စိုက်ပျိုးရေးကွင်း စစ်ရှောင်စခန်းကမူ အိမ်ထောင်စု ၄၇ စု နေရပ်ပြန်သွားကြပြီဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၂၆ ရက်နှင့် ၂၇ ရက်နေ့များက ပြန်သွားကြသည့်  ကျေးရွာသားများမှာ  တမန်းကျေးရွာ၊ ပလပ်ချောင်း၀ ကျေးရွာ၊ အန်ခိုး၀ ကျေးရွာ၊ ဆီဖလောင်းကျေးရွာ၊ အောင်မီးလက်၀ ကျေရွာ၊ စိမ့်စမ်း၀၊ ငဗွီကျေးရွာမှ ဖြစ်ကြသည်ဟု ဆိုသည်။  

စိုက်ပျိုးရေးကွင်းစစ်ရှောင်စခန်းမှ အမည်မဖော်လိုသူ  စစ်ရှောင်တစ်ဦးက “နေရပ်ပြန်ဖို့အတွက် မိုင်းတွေဘာတွေ ရှင်းလင်းပေးတာတွေတော့ မမြင်ဘူး။ နယ်မြေတစ်လျှောက် မိုင်းတွေကို ရှင်းလင်း ပေးဖို့အတွက်တော့ ကျနော်တို့ တောင်းဆိုခဲ့တာတွေ ရှိတယ်။ တချို့တွေဆိုရင် နေမယ့် အိမ် မပြင်ရသေးဘဲ ပြန်သွားရတာတွေရှိတယ်။ ဆန္ဒအရ ပြန်တယ်လို့တော့ မဟုတ်ဘူး။ ထောက်ပံ့ကြေးပေးပြီး ပြန်လွတ်ရင်ပြန်ရတာပါဘဲ” ဟုပြောသည်။

ထောက်ပံ့ကြေးပေးရာတွင် မီးလောင်၍ ပျက်စီးသွားသည့် နေအိမ် တစ်လုံးအတွက် မိသားစုတစ်စုစီကို ကျပ် ၅၈၃ဝဝဝ နှင့် နေအိမ်ပြုပြင်ရန်လိုအပ်သည့် အိမ်ထောင်စုတစ်စုစီကို ကျပ် ၃၈၆၀၀၀ ကျပ်စီပေးကြောင်း သိရသည်။

မိုင်းများကို မရှင်းလင်းသေးဘဲ ပြန်ပို့ပေးနေသည့်အတွက် မိုင်းအန္တရာယ် စိုးရိမ်ပြီး တောင်ယာ လုပ်ငန်းများ ပြန်လည် လုပ်ကိုင်ရာတွင်လည်း အခက်အခဲဖြစ်လာနိုင်သည်ဟုလည်း စိုက်ပျိုးရေးကွင်း စစ်ရှောင်စခန်းမှ အမည်မဖော်လိုသူ စစ်ရှောင်က ပြောကြားသွားသည်။

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...