လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် NUG အစိုးရ၏ အာဆီယံသံတမန် ပါဝင်မည်

လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် NUG အစိုးရ၏ အာဆီယံသံတမန် ပါဝင်မည်

လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန် အမတ်များအဖွဲ့ (APHR) ၏ အွန်လိုင်း သတင်းစာရှင်းလင်းပွဲတစ်ခုကို အောက်တိုဘာ ၂၇ ရက် နံနက် ၁၀ နာရီ (ဘန်ကောက်အချိန်) မြန်မာအချိန် ၁၀ နာရီ မိနစ် ၃၀ တွင် ကျင်းပမည်ဖြစ်ပြီး ထိုအစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က လတ်တလောခန့်အပ်လိုက်သည့် အာဆီယံသံတမန် ဦးဘိုလှတင့် ပါဝင်ဆွေးနွေးမည်ဖြစ်သည်။

APHR ၏ သတင်းစာရှင်းလင်းပွဲတွင် NUG ၏ အာဆီယံသံတမန် ဦးဘိုလှတင့်၊ APHR ဥက္ကဌ မလေးရှား ပါလီ မန်အမတ် ချားစ် ဆန်တီရေဂို၊ Advisory Board of Progressive Voice အဖွဲ့၏ ဥက္ကဌ ဒေါ်ခင်ဥမ္မာတို့က ဦးဆောင်ဆွေးနွေးမည်ဖြစ်သည်။

ထိုသတင်းစာရှင်းလင်းပွဲ၌ မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေးအခြေအနေများအပေါ် ကိုင်တွယ်ဖြေရှင်းသင့်သည့် အခြေအနေများ နှင့် အာဆီယ နှင့် မြန်မာအတွက် ရှေ့ဆက်ရန်ခြေလှန်းများကို ဆွေးနွေးကာ အာဆီယံခေါင်းဆောင်များအား အကြံပြုသွားမည်ဖြစ်သည်။

(၃၈) ကြိမ်မြောက်နှင့် (၃၉) ကြိမ်မြောက် အာဆီယံခေါင်းဆောင်များထိပ်သီးအစည်းအဝေးများကို ယနေ့ အောက်တိုဘာ ၂၆ ရက်မှ ၂၈ရက်ထိ ကျင်းပနေပြီဖြစ်ပြီး မြန်မာကိုယ်စားလှယ်မပါဝင်ဘဲ ကျင်းပနေခြင်းဖြစ်သည်။

အာဆီယံ ထိပ်သီးအစည်းအဝေးများတွင် မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ကို တက်ရောက်ခွင့်မပေးရန် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန် အမတ်များအဖွဲ့ (APHR) က အာဆီယံကို အကြံပြုတိုက်တွန်းခဲ့ခြင်းလည်းဖြစ်သည်။

လက်ရှိအချိန်တွင် စစ်အုပ်စုက ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်း လက်နက်အပြည့်အစုံဖြင့် စစ်အင်အားတိုးချဲ့ခြင်းများပြုလုပ်နေပြီး ထိုလုပ်ရပ်အပေါ် ကုလသမဂ္ဂကလည်း သတိပေးထားသည်။

ယင်းအပြင် ထိုဒေသများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာများကို မီးရှို့ခြင်း၊ ဒေသခံများနေထိုင်သည့် နေရာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများကိုလည်း ကျူးလွန်လျက်ရှိသည်။

NUG ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကလည်း “ဒီရက်စက်ကြမ်းကြုတ်မှုတွေကို ကာကွယ်နိုင်ဖို့အတွက် ခိုင်မာပြီး မလျှော့သောထုံးနှလုံးမူတဲ့ နိုင်ငံတကာရဲ့တုန့်ပြန်မှုတွေအမြန်ဆုံးလိုအပ်နေပါတယ်။ ဘာလို့လဲဆိုတော့ အထွေထွေညီလာခံက မြန်မာနိုင်ငံအတွက်ဘာလုပ်ရမလဲလို့ စဉ်းစားဆွေးနွေးနေတဲ့အချိန်မှာ မြန်မာနိုင်ငံတွင်းက ရွာတွေကို မီးရှို့ဖျက်ဆီးခံနေရလို့ပါပဲ” ဟု စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ အပေါ် မှတ်ချက်ပြုထားသည်။

APHR ၏ အစည်းအဝေးသည် ယခု သီတင်းပတ်အတွင်း ကျင်းပနေသည့် အာဆီယံထိပ်သီးအစည်းအဝေးအတွက် အကြိုအစည်းအဝေးဖြစ်ပြီး ထိုအစည်းအဝေးတွင် အပြုသဘောဆောင်သည့် အခြေအနေများ တည်ဆောက်ရေးနှင့် ဒေသတွင်း အကြပ်အတည်းများကို ဖြေရှင်းနိုင်ရေးအတွက် ဆွေးနွေးကြမည်ဖြစ်သည်။

 
 

 

 

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...