မွန်ပြည်နယ်အတွင်းရှိ NLD ရုံးများ ဖောက်ခွဲခံရ

မွန်ပြည်နယ်အတွင်းရှိ NLD ရုံးများ ဖောက်ခွဲခံရ

မွန်ပြည်နယ်အတွင်းရှိ ဘီးလင်း၊ ကျိုက်ထိုနှင့် သထုံမြို့နယ်များအတွင်းရှိ အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ် NLD ပါတီရုံးများ စနေ၊ တနင်္ဂနွေ နှစ်ရက်အတွင်း ဗုံးဖောက်ခွဲခံရသည်ဟု ဒေသခံများက ပြောသည်။

ဘီးလင်းမြို့ ဆရာစံရပ်ကွက်တွင် ရှိသည့် ဘီးလင်းမြို့နယ် NLD ပါတီရုံးတွင် အောက်တိုဘာ ၂၄ ရက်နေ့၊ နံနက် ၁ နာရီကျော်အချိန်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ရုံးတစ်ရုံးလုံး ထိခိုက်ပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။

"ညပိုင်းလည်း ဖြစ်နေတော့ ပေါက်ကွဲတဲ့ အသံက အတော်ပြင်းတယ်။ ဖောက်ခွဲခံရတဲ့ NLD ရုံးကတော့ ပျက်စီးသွားတယ်။ အဲရုံးမှာ လူလည်း မရှိဘူးဆိုတော့ လူထိခိုက်တာတော့မရှိဘူးလို့ သိရတယ်" ဟု ဘီးလင်းမြို့ခံတစ်ဦးက ပြောသည်။

အလားတူ အောက်တိုဘာ ၂၃ ရက်နေ့ ည ၁၁ နာရီခွဲဝန်းကျင်ခန့်တွင်လည်း ကျိုက်ထိုမြို့၊ ကော့စနိုင်ရပ်ကွက်ရှိ ကျိုက်ထိုမြို့နယ် NLD ပါတီရုံး ဗုံးဖောက်ခွဲခံရသည်ဟု ကျိုက်ထိုမြို့ခံများက ပြောသည်။

ထို့အပြင် သထုံမြို့နယ်က NLD ပါတီရုံးတွင်လည်း အောက်တိုဘာ ၂၃ ရက်နေ့၊ ည ၁၁ နာရီဝန်းကျင်အချိန်ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

ပေါက်ကွဲမှုကြောင့် ကျိုက်ထိုနှင့် သထုံမြို့နယ် NLD ပါတီရုံး အဆောက်အဦးအချို့ ထိခိုက်ပျက်စီးမှုရှိသော်လည်း လူထိခိုက်မှု မရှိဘူးဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်း ဗုံးပေါက်ကွဲမှုဖြစ်စဥ်များ ဆက်တိုက်ဖြစ်ပွားမှုရှိခဲ့ပြီး NLD ပါတီရုံးများ ဖောက်ခွဲခံရသည့် ယခုဖြစ်စဥ်သည် ပြည်နယ်အတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။

ယခုရက်ပိုင်းတွင်လည်း လွှတ်တော်ကိုယ်စားလှယ်လောင်းနေအိမ်များ၊ လျှပ်စစ်ရုံးများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးများတွင်လည်း ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားနေသည်။

ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် အချို့သော ပေါက်ကွဲမှုဖြစ်စဥ်များသည် ဒေသအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့ကြသော်လည်း အချို့သော ပေါက်ကွဲမှုဖြစ်စဥ်များသည် မည်သူမည်ဝါလုပ်ဆောင်သည်ကို အတည်ပြုနိုင်ခြင်း မရှိပေ။

 
 

 

 

May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...