တိုက်ခိုက်မှုဗီဒီယိုဖိုင်များမှတဆင့် သဲလွန်စရနိုင်

တိုက်ခိုက်မှုဗီဒီယိုဖိုင်များမှတဆင့် သဲလွန်စရနိုင်

စစ်ကောင်စီ ကင်းစခန်းအချို့နှင့် သတင်းပေးများအား တိုက်ခိုက်မှုများကို ရိုက်ကူးထားသည့် ရုပ်သံဖိုင်များကို  လုံခြုံရေးအရ လူမှုကွန်ရက်စာမျက်နှာပေါ်သို့ မဖြန့်ဝေသင့်ကြောင်း အငြိမ်းစား ရဲအရာရှိများနှင့် ရှေ့နေများက အကြံပြုတိုက်တွန်းထားသည်။

ရန်ကုန်မြို့တွင် အောက်တိုဘာ ၂၃ ရက်နေ့က ဗိုလ်တစ်ထောင်မြို့နယ်ရှိ စစ်ကောင်စီ၏ ကင်းစခန်းနှင့် ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာချောက် အတွင်းရှိ ကင်းစခန်းတို့ကို ရန်ကုန် PDF များက တိုက်ခိုက်ခဲ့သည့် ရုပ်သံဗီဒီယိုဖိုင်များ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့လာခဲ့သည့်အတွက် ယခုကဲ့သို့ အကြံပြုတိုက်တွန်းလိုက်ခြင်းဖြစ်သည်။

“လူငယ်တွေကတော့ သူတို့ရဲ့အောင်ပွဲ၊ သူတို့ရဲ့လုပ်ဆောင်ချက်ကို ပြည်သူကို သိစေချင်တဲ့အတွက် တင်တာပဲ။ ဒါပေမယ့် အခုအချိန်မှာ မတင်သင့်သေးဘူး။ လုံခြုံရေးအရ အရမ်းအန္တရာယ်များတယ်” ဟု အငြိမ်းစား ရဲအရာရှိတစ်ဦးက အကြံပြုပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စနစ်တကျဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်နေခြင်းကြောင့် သဲလွန်စ အသေးအမွှားလေးမှစတင်ပြီး ကွင်းဆက်မပြတ် ဖော်ထုတ်လာနိုင်သဖြင့် PDF များအနေဖြင့် အန္တရာယ်များလွန်းသည်ဟု အထက်ပါရဲအရာနှင့် တရားလွှတ်တော်ရှေ့နေအချို့က ပြောသည်။

“ရဲဖက်ကတော့ ဒီဗီဒီယိုဖိုင်တွေကနေတစ်ဆင့် အစဆွဲထုတ်ပြီး အဆင့်ဆင့်လိုက်မှာ ကျိမ်းသေတယ်။ သူတို့ ဗီဒီယိုဖိုင်ကိုကြည့်ပြီး သဲလွန်စရှာတာတွေ၊ အဲ့ဒီပတ်ဝန်းကျင်က CCTV တွေကြည့်ပြီး လှုပ်ရှားသွားလာတာတွေကို ကောက်ချက်ဆွဲပြီး လိုက်မှာပဲ” ဟု အထက်ပါရဲအရာရှိက ဆက်သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၃ ရက်နေ့က မြန်မာ့မီးရထား၊ အောက်မြန်မာပြည် သတင်းနှင့်ပြန်ကြားရေးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် အသက် ၅၆ နှစ်အရွယ် ဦးထိန်ဝင်းကို ပစ်ခတ်ခဲ့သည့် ဗီဒီယိုဖိုင်မှာလည်း အောက်တိုဘာလ ၂၃ ရက်နေ့တွင် လူမှုကွန်ရက်စာမျက်နှာပေါ်သို့ ပြန့်နှံ့လာခဲ့သည်။

“အနီးစပ်ဆုံးရုပ်ပုံတွေ ဖော်ထုတ်လို့ရနိုင်တာပေါ့။ ဆောင်ရွက်ပုံနည်းလမ်းတွေ အသုံးပြုတဲ့ကားတွေ၊ ဆိုင်ကယ်တွေကနေတဆင့် သဲလွန်စတွေရပြီး ဖော်ထုတ်နိုင်တာပေါ့” ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက သတိပေးပြောဆိုသည်။

သတင်းဌာနများသည်လည်း ယခုအချိန်တွင် ဗီဒီယိုဖိုင်များကို တင်နေခြင်းအား သတိထားလုပ်ဆောင်သင့်သည်ဟု တရားလွတ်တော်ရှေ့နေက ပြောသည်။

PDF များအနေဖြင့် မြို့ပြတိုက်ပွဲများဖြစ်လာသည်အထိ တစ်ဆင့်ချင်းဖော်ဆောင်ရာတွင် ပြည်သူထောက်ခံမှုရရှိစေရန်၊ ပြည်သူများသိရှိစေရန် ဗီဒီယိုဖိုင်များ ရိုက်ကူးဖြန့်ဝေသော်လည်း ယခုအချိန်ကာလသည် စောနေသေးသည်ဟု ရှေ့နေများက သုံးသပ်သည်။

အခြား တရားလွှတ်တော် ရှေ့နေတစ်ဦးကလည်း “ဒါက တိုက်ပွဲဆိုတော့ ဟိုဖက်ဒီဖက် စိတ်ဓာတ်ရေးရာ အသာစီးရအောင်တော့ လုပ်ကြမှာပေါ့။ အခုက တစ်ဆင့်ချင်းတက်လာရင်းမှ မြို့ပြတိုက်ပွဲပုံစံ ပီပီပြင်ပြင်လေး ဖြစ်လာတာပေါ့။ ပြည်သူတွေအနေနဲ့က နှစ်ဖက်လုံးက တင်လာသမျှ သတင်းတွေကို ချင့်ချိန်ယုံဖို့နဲ့ အန္တရာယ်ကင်းအောင် နေနိုင်ဖို့က အဓိကပါ” ဟု ပြောသည်။

အဆိုပါ ဗီဒီယိုဖိုင်များကို ပြည်တွင်းအွန်လိုင်းမီဒီယာအများစုတွင်လည်း ဖော်ပြနေကြပြီး လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ကြည့်ရှုသူနှင့် ပြန်လည်မျှဝေသူ သန်းနှင့်ချီရှိခဲ့သည်။

ပြီးခဲ့သည့် လပိုင်းများကလည်း မန္တလေးမြို့ရှိ PDF များ ခိုအောင်းနေသည့် နေအိမ်တိုက်တစ်ခုကို ရပ်ကွက်နေပြည်သူတစ်ဦးက ဓါတ်ပုံရိုက်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်သို့ တင်မိရာမှ စစ်ကောင်စီ၏တပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းခြင်းကိုခံခဲ့ရသည့် ဖြစ်စဉ်မျိုးလည်း ဖြစ်ပွားခဲ့ဖူးသည်။

February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...