ဧရာဝဏ်ရဲစခန်းအနီး ပေါက်ကွဲမှုကြောင့် ရဲတစ်ဦး ဒဏ်ရာပြင်းထန်

ဧရာဝဏ်ရဲစခန်းအနီး ပေါက်ကွဲမှုကြောင့် ရဲတစ်ဦး ဒဏ်ရာပြင်းထန်

တောင်ဒဂုံမြို့နယ်၊ ဧရာဝဏ်ရဲစခန်းအနီး ဗုံးပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်ဟု ယူဆရသူတစ်ဦး ဒဏ်ရာ အပြင်းအထန်ရရှိသွားသည်ဟု ရပ်ကွက်အတွင်း နေထိုင်သူများက ပြောသည်။

အောက်တိုဘာ ၂၃ ရက်၊ မွန်းလွဲပိုင်းတွင် ၂၀ ရပ်ကွက်အတွင်းရှိ ဧရာဝဏ်ရဲစခန်းအနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

“ပထမ တစ်လုံးပေါက်ပြီးတော့ စခန်းထဲကရဲတွေ ထွက်လာပြီး ရှာကြတယ်။ အဲ့ဒီမှာ သူတို့ ပစ္စည်းတစ်ခုကို တုတ်နဲ့ထိုးကြည့်တာ။ အဲ့ဒီမှာ နောက်တစ်လုံးထပ်ကွဲတာ” ဟု မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

ဒဏ်ရာရရှိခဲ့သူမှာ ပထမတစ်ကြိမ်ဗုံးပေါက်ကွဲအပြီးတွင် စခန်းအတွင်းမှ အရပ်ဝတ်ဖြင့်ထွက်လာပြီး မသင်္ကာဖွယ်ပစ္စည်းကို တုတ်ဖြင့်ထိုးခဲ့သူဖြစ်သည်ဟု မျက်မြင်တွေ့ရှိခဲ့သူ အမျိုးသားက ဆက်ရှင်းပြသည်။

ဗုံးပေါက်ကွဲမှုအပြီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရဲစခန်းအနီးတစ်ဝိုက်နှင့် မောင်းမကန် လမ်းတစ်လျှောက် ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါဖောက်ခွဲမှုကို အာဏာသိမ်းဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ ACPLF (အဆပလ) အဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် ထိုရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်ဟု ACPLF အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ရန်ကုန်မြို့ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် မြို့တွင်းတိုက်ပွဲများ အရှိန်မြှင့်တင်လာနေပြီး ပြည်သူများအနေဖြင့်လည်း သတိဖြင့်သွားလာကြရန်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဝေးဝေးနေရန် သတိပေးချက်ထုတ်ပြန်ထားပြီး ဖြစ်သည်။

ထို့အပြင် မသင်္ကာဖွယ်အထုပ်များ၊ ပစ္စည်းများတွေ့ရှိပါကလည်း ကောက်ယူတို့ထိခြင်း၊ စပ်စုရပ်ကြည့်ခြင်းများ မပြုလုပ်ကြရန် ပြည်သူများထံ မေတ္တာရပ်ခံထားပြီး လိုက်နာမှုမရှိပါက ထိခိုက်မှုများအတွက် တာဝန်ယူမည်မဟုတ်ကြောင်း အောက်တိုဘာ ၂၂ ရက်နေ့က ထုတ်ပြန်ထားသည်။

 
 

 

 

February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...