ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Orchid ဟိုတယ်တွင် တိုင်းရင်းသား ခေါင်းဆောင် ၁၅ ဦးပါဝင်သော အဆင်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့၏ အစည်းအဝေးတွင် လော်ခီးလာထိပ်သီး ညီလာခံဆုံးဖြတ်ချက်အပေါ် ဆက်လက် အကောင်အထည်ဖော်ရန်နှင့် လုပ်ဆောင်ရမည့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့သည်ဟု အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် နော်စီဖိုးရာ စိန်က ပြောသည်။
“ဒီအဆင့်မြင့်အဖွဲ့နဲ့ အစိုးရနဲ့ ဆက်လက်ဆွေးနွေးနိုင်ဖို့အတွက် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့ပြီးတော့ အစိုးရကို အကြောင်းကြားဖို့ ဆုံးဖြတ်တာ ရှိတယ်။ သူတို့သွားပြီးတင်ပြဖို့ ဒီအဖွဲ့ကလည်း ဆက်လက် NCA (တစ်နိုင်ငလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်) ကိစ္စကို ဆက်လက် ဆွေးနွေးသွားဖို့ အမြန်ဆုံး ဆုံးဖြတ်ဖို့ ဆွေးနွေးတာ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။
ထိုကိုယ်စားလှယ်အဖွဲ့တွင် NCCT ခေါင်းဆောင်များဖြစ်သော နိုင်ဟံသာ၊ ပဒိုကွယ်ထူးဝင်းနှင့် အဖွဲ့ဝင် ဦးထွန်းဇော်တို့ သုံးဦးဖြင့် ဖွဲ့စည်းထားပြီး ၎င်းတို့သည် အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့နှင့် အစိုးရတို့ တွေ့ဆုံနိုင်ရေးအတွက် ပဏာမ သွားရောက် တွေ့ဆုံညှိနှိုင်းမည် ဖြစ်ကြောင်း သုံးဦးအဖွဲ့မှ ပဒိုကွယ်ထူးဝင်က ပြောသည်။
“အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဖွဲ့တာကို၊ နောက်ပြီးတော့ လော်ခီးလာမှာ ကျင်းပခဲ့တဲ့ ထိပ်သီးအစည်းအဝေးကနေ ကျွန်တော်တို့ ရရှိလာတဲ့ မူကြမ်းအပေါ်မှာ ပြင်ဆင်ဖြည့်စွက်ချက်တွေကို တွေ့ဆုံ ဆွေးနွေးဖို့အတွက် ပဏာပအနေနဲ့ ကျွန်တော်တို့ ကိုယ်စားလှယ် တစ်ဖွဲ့ဆိုတာထက် အဖွဲ့တဖွဲ့ကို လွှတ်ဖို့ ဆုံးဖြတ်ထားတယ်။ စာလည်းပို့မယ်။ ကိုယ်စားလှယ် အဖွဲ့ကိုလည်း တွေ့ဆုံညှိနှိုင်းဖို့အတွက် အဖွဲ့ဝင်သုံးယောက်ပါတဲ့ အဖွဲ့တစ်ဖွဲ့ကို လွှတ်တဲ့သဘောပါ” ဟု သူက မဇ္ဈိမကို ပြောသည်။
ယင်းသုံးဦးအဖွဲ့သည် အစိုးရအဖွဲ့နှင့် ရန်ကုန်မြို့သို့ သွားရောက် တွေ့ဆုံရန် စာဖြင့် အကြောင်းကြားမည် ဖြစ်ပြီး လက်ရှိ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် ထိပ်သီးအစည်းအဝေးမှ ဆုံးဖြတ်ချက်များအား အသိပေးရန်နှင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေးနိုင်ရန်နှင့် အမြန်ဆုံး လက်မှတ်ရေုးထိုးနိုင်ရေးအတွက် အဓိက သွားရောက်ဆွေးနွေးမည် ဖြစ်ကြောင်း သူက ပြောသည်။
ထိုအဖွဲ့သည် အစိုးရနှင့် အမြန်ဆုံးတွေ့ဆုံနိုင်ရေးအတွက် သွားရောက်ဆွေးနွေးမည် ဖြစ်သလို၊ လော်ခီးလာ ညီလာခံတွင် ဖွဲ့စည်းလိုက်သည့် အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းရခြင်း အကြောင်းကိုလည်း သွားရောက် ရှင်းပြမည် ဖြစ်ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆက်လက် ဆွေးနွေးလိမ့်မည်ဟု ယုံကြည်ကြောင်း နော်စီဖိုးရာစိန်က သတင်းထောက်များကို ပြောကြားခဲ့သည်။
“ကျွန်မတို့ တိုင်းရင်းသားတွေဘက်ကတော့ NCA ဖြစ်ဖို့အတွက် အရေးကြီးတယ်။ NCA မှာပါတဲ့ လိုအပ်နေတဲ့ အရေးကြီးတဲ့အချက် နိုင်ငံရေး အာမခံရှိဖို့က အရေးကြီးတယ်။ ဒီ့အပေါ်မှာ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေ သဘောတူပြီးတော့ ဆက်လက် ဆွေးနွေးရမှာ ဖြစ်တယ်။ အစိုးရဘက်ကတော့ သူတို့ သဘောထားအမြင်တော့ ဘယ်လို ရှိမလဲဆိုတာ မသိဘူး။ ဒါပေမဲ့ ကျွန်မတို့ ယုံကြည်တာက သူတို့ကလည်း ငြိမ်းချမ်းရေးကို ဖော်ဆောင်လိုတယ်။ ငြိမ်းချမ်းရေးကို လိုလားမှု အပေါ်မှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးရဖို့အတွက် သူတို့ ဆက်လက် ဆွေးနွေးဖို့ ကျွန်မတော့ ယုံကြည်တယ်”ဟု သူက ပြောသည်။
အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့သည် NCCT က အစိုးရနှင့် တွေ့ဆုံဆွေးနွေး၍ NCA ရရှိရန် ကြိုးပမ်း ဆောင်ရွက်ခဲ့ပြီး ဖြစ်၍ တိုင်းရင်းသား ထိပ်သီး ခေါင်းဆောင်များက အဆိုပါ စာချုပ်မူကြမ်းအပေါ် ဆက်လက် ဆွေးနွေးရန် လိုအပ်ချက်အပေါ်မူတည်၍ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့က ဆက်လက် ဆွေးနွေးရန် ဖြစ်သည်ဟု သူက ပြောသည်။
အစိုးရနှင့် တွေ့ဆုံမှုတွင် ငြိမ်းချမ်းရေးအတွက် အရေးကြီးသည့် NCA အမြန်ဆုံး လက်မှတ်ရေးထိုးနိုင်ရေးနှင့် ၎င်း NCA တွင် ပါဝင်သည့် အချက်အလက်များကို အဓိက သွားရောက် ဆွေးနွေးမည်ဖြစ်ကြောင်းသူက ဆက်လက် ပြောဆိုသည်။
ချင်းမိုင်မြို့ရှိ Orchid ဟိုတယ်တွင် ဇွန် ၁၃ရက် နံနက် ၉ နာရီမှ ညနေ ၆ နာရီထိ ဆွေးနွေးမှုတွင် အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စား လှယ်အဖွဲ့ ခေါင်းဆောင် နော်စီဖိုးရာစီ၊ ဒုတိယခေါင်းဆောင် ဒေါက်တာလဂျာ၊ နိုင်ဟံသာ၊ ပဒိုကွယ်ထူးဝင်းတို့ အပါအဝင် ကိုယ်စားလှယ်ပေါင်း ၂၀ ခန့် တက်ရောက် ဆွေးနွေးခဲ့သည်။
ဇွန်လ ၁၁ ရက်ကလည်း ယင်းအဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့နှင့် အစိုးရတို့ တွေ့ဆုံဆွေးနွေးနိုင်ရန် မြန်မာငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေးဗဟိုဌာန(MPC) ကိုယ်စားလှယ်တို့ ချင်းမိုင်မြို့တွင် အလွတ်သဘော တွေ့ဆုံမှုတွင်လည်း NCA အပေါ် ပြင်ဆင်ဖြည့်စွက်ထား သည့် အချက်များနှင့် အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းခြင်းအကြောင်းကို ဆွေးနွေးညှိနှိုင်းခဲ့သော်လည်း ယခုထိ ပြန်လည် တွေ့ဆုံနိုင်ရန် အစိုးရဘက်မှ တုံ့ပြန်လာခြင်း မရှိသေးကြောင်း သိရသည်။
ယင်းအပြင် ဇွန်လ ၂၀ ကျော်တွင် NCCT နှင့် အစိုးရ ကိုယ်စားလှယ်များ ပြန်လည် တွေ့ဆုံမည်ဟု တိုင်းရင်းသားခေါင်းဆောင် များက ပြောဆိုထားသော်လည်း အစိုးရနှင့် သဘောတူညီမှု မရသေးပေ။
လော်ခီးလာ တိုင်းရင်းသား ထိပ်သီးအစည်းအဝေးတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်များက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတည်ပြုမူကြမ်းတွင် ပါဝင်သော အချက် ၁၅ ချက်ခန့် ပြင်ဆင်ဖြည့်စွက်ခဲ့သည်။
ယင်းပြင်ဆင်ဖြည့်စွက်ထားသည့် မူကြမ်းအား ဆက်လက် ဆွေးနွေးရန် အဆင်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်ဟု သိရသည်။
ထိုတစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရာတွင် လက်ရှိ အစိုးရနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သော တအာင်း၊ ကိုးကန့်နှင့် ရခိုင်တပ်မတော် အဖွဲ့များ အပါအဝင် ၁၆ ဦး ပါဝင်မှ လက်မှတ်ရေးထိုးမည်ဟု လောခီးလာညီလာခံတွင် သဘောတူ ဆုံးဖြတ်ခဲ့သည်။







