ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမှူးတစ်ဦး ပစ်သတ်ခံရ

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမှူးတစ်ဦး ပစ်သတ်ခံရ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ၏ စည်းရုံးရေးမှူးတစ်ဦး အောက်တိုဘာလ ၁၉ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်တွင် ပစ်သတ်ခံလိုက်ရသည်။

အသက် ၄၅ နှစ်အရွယ် USDP ပါတီ စည်းရုံးရေးမှူး ဦးထိန်လင်းသည် ဆိုင်ကယ်တက္ကစီမောင်းနေစဉ် ပစ်သတ်ခံရခြင်းဖြစ်သည်ဟု မျက်မြင်သက်သေတစ်ဦးက ပြောသည်။

မျက်မြင်တွေ့ရှိလိုက်သူတစ်ဦးက “ကိုထိန်လင်းက သူ့ဆိုင်ကယ်ပေါ်မှာ ခွထိုင်နေပြီး တခြားတစ်ယောက်နဲ့ စကားပြောနေတုန်း ယမ်းပန်းဖေါက်သံလို အသံနှစ်ချက်ကြားလိုက်ရတယ်။ နောက်တော့ ဆိုင်ကယ်ပေါ်က ပြုတ်ကျသွားတယ်။ စကားရပ်ပြောနေတဲ့သူက အနားမှာရပ်ထားတဲ့ ဆိုင်ကယ်ပေါ် တက်မောင်းထွက်သွားတာ” ဟု ပြောသည်။

မြိတ်တောင်နယ်မြေ မြို့သစ်ရပ် အောင်ဆန်းလမ်းမကြီးနှင့် ဦးမြတ်လေးလမ်းမကြီး လမ်းဆုံရှိ မောင်သူ ကွန်ပြူတာ၊ မိတ္တူနှင့် စာစီစာရိုက်ဆိုင်အရှေ့တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု သူကပြောသည်။

ပစ်ခတ်ခဲ့သူသည် အခြားဆိုင်ကယ်တစီးနှင့်အတူ ပြန်လည်ထွက်သွားခဲ့သည်ဟု မျက်မြင်တွေ့သူများက ပြောသည်။

ဤပစ်ခတ်မှုကို People Defence Force Myeik ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ၎င်းတို့ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ပစ်ခတ်မှုဖြစ်ပွားပြီး နာရီပိုင်းအတွင်း ၎င်းတို့၏ လူမှုကွန်ယက်တွင် ထုတ်ပြန်ကြေညာသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူသည် မြစ်ငယ်ရပ်ရေကန်ဘောင်အနီးနေထိုင်သူဖြစ်ကာ အခင်းဖြစ်ပွားသည့်နေရာတွင်ပင် သေဆုံးသွားခဲ့သည်။

ကိုထိန်လင်းသည် ဆိုင်ကယ်တက္ကစီဆွဲနေပြီး မှုခင်းသတင်းအဖွဲ့တွင် ပါဝင်ကာ သတင်းပေးလုပ်နေသူဟု အများက ယုံကြည်ထားသူ ဖြစ်သည် ဟု ရေနံမြေရပ်ကွက်တွင် နေထိုင်သူ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“သူက ဆိုင်ကယ်တက္ကစီဆွဲနေပြီး စစ်တပ်နဲ့ပေါင်းပြီးတော့ လေလုံးလည်းကြီးတယ်။ နောက် သူ့ကြောင့် မြိတ်မှာ အတော်များများ အဖမ်းခံရတယ်ဆိုတာမျိုး ပြောနေကြတာလဲရှိတယ်” ဟု ပြောသည်။

မြိတ်မြို့တွင် ယခုကဲ့သို့ ပစ်ခတ်မှုဖြစ်စဉ်မျိုးသည် စစ်အာဏာသိမ်းပြီးနောက် ပထမဆုံးသော ပစ်ခတ်ခံရမှုဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...