စစ်ကောင်စီကားအား မိုင်းဆွဲတိုက်ခိုက်သည့် ဖြစ်စဉ်တွင် ARA ရဲဘော် ၂ ဦးကျဆုံး

စစ်ကောင်စီကားအား မိုင်းဆွဲတိုက်ခိုက်သည့် ဖြစ်စဉ်တွင် ARA ရဲဘော် ၂ ဦးကျဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ပါရမီကျေးရွာနှင့် ကြာပင်လှကျေးရွာကြားတွင် အောက်တိုဘာလ ၁၅ ရက် နံနက်ပိုင်းက စစ်ကောင်စီယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်မှုတွင် အရာတော်မြို့နယ် တော်လှန်ရေးအင်အားစုအဖွဲ့မှ (ARA) ရဲဘော်နှစ်ဦးမှာ ကျဆုံးခဲ့ကြောင်း ARA အဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကို ဆက်သွယ်ပြောဆိုသည်။

အဆိုပါဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်သားအများအပြားလည်း သေဆုံးခဲ့ကြောင်း ၎င်းက ပြောသည်။

"မိသွားပြီးမှ နေရာတင် ပစ်သတ်ခံလိုက်ရတာ။ ဒီကောင်တွေက ပစ်သတ်ပြီးတာတောင် အားမရဘဲ ရဲဘော်တွေကို နေရာအမျိုးမျိုးရွှေ့ပြီး အနီးနားမှာ ကင်းပုန်း‌တွေဝပ်ပြီး လာကောက်တဲ့သူတွေကိုပစ်ဖို့ ငါးစာလို ထိုင်မျှားနေတာ၊ ကျွန်‌တော်တို့ ကောက်ဖို့ကြိုးစားတိုင်း အဲဒီကောင်တွေက ထွက်ထွက်လာလို့ မကောက်နိုင်ခဲ့ဘူး" ဟု ARA ၏ တာဝန်ရှိသူမှပြောသည်။

ကျဆုံးသွားသော ရဲဘော်နှစ်ဦး၏ ရုပ်အလောင်းများသည် နှစ်ရက်တိုင် အကြမ်းဖက်စစ်သားများ ရွှေ့ထားသည့်နေရာတွင် ရှိနေခဲ့ပြီး အောက်တိုဘာ ၁၈ ရက် ညနေပိုင်းကမှ သင်္ဂြိုဟ်နိုင်ခဲ့ကြောင်း ၎င်းကပြောသည်။

"အလောင်းလာကောက်ရင် စောင့်ဖမ်းမလို့ ကင်းပုန်းဝပ်ပြီး စစ်ခွေးတွေက စောင့်နေတာမို့ အလောင်းကောက်ခွင့်မရဘဲ ရဲဘော်တွေကျဆုံးပြီး သုံးရက်နေမှ သင်္ဂြိုဟ်ပြီးစီးပါတယ်။ အလောင်းတွေပြန်သယ်ဖို့ မဖြစ်နိုင်တော့လို့ လမ်းဘေးမှာပဲ သင်္ဂြိုဟ်ခဲ့ရပါတယ်" ဟု ၎င်းကပြောသည်။

အောက်တိုဘာ ၁၅ ရက်ဖြစ်စဉ်တွင် ARA က စစ်ကောင်စီတပ်၏ ခြေလျင်တပ်ကို သုံးကြိမ်တိုင်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းနေ့ နံနက် ၆ နာရီခန့်က ကြာပင်လှရွာနှင့် ပါရမီရွာကြားတွင် ခြေလျင်တက်လာသော အကြမ်းဖက်စစ်ကြောင်းကို ARA မှ ဗိုလ်လျှပ်စီးနှင့်အဖွဲ့က ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုကြောင့် ရန်သူများ ထိခိုက်ဒဏ်ရာရသော်လည်း အသေအပျောက်မရှိကြောင်း သိရသည်။

ယင်းနောက် ဒုတိယအကြိမ်အဖြစ် နံနက် ၈ နာရီခန့်တွင် ရဲချင်းရွာနှင့် မကျီးကန်ရွာကြားရောက်နေသော ခြေလျင်အကြမ်းဖက်စစ်ကြောင်းကို ARA ၏ မီးခဲအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရသော စစ်ကောင်စီတပ်သားများအား ကျန်တပ်သားများက တွဲခေါ်သွားသည်ကို တွေ့ရကြောင်း ARA အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

အထက်ပါ မိုင်းခွဲမှုအပြီး မိနစ်သုံးဆယ်အကြာ နံနက် ၈ နာရီ မိနစ် ၃၀ အချိန်ခန့်တွင် ထိုနေရာတွင်ပင် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ဆိုးဆိုးရွားရွား ထပ်မံထိခိုက်ခဲ့သည်ဟု ARA က ဆိုသည်။

"သုံးကြိမ်မှာ ပထမတစ်ကြိမ်က မိုင်းအလုံးရေနည်းလို့ သိပ်မထိပေမယ့် နောက်နှစ်ကြိမ်မှာတော့ တစ်ကြိမ်ကို မိုင်းဆယ်လုံး အနည်းဆုံးနဲ့ဆိုတော့ ရန်သူအထိနာပါတယ်။ ၁၀ ယောက်ကျော်သေပြီး အယောက် ၃၀ လောက် ဒဏ်ရာရတယ်" ဟု ARA အဖွဲ့တာဝန်ရှိသူမှ မဇ္ဈိမကို ပြောသည်။

အောက်တိုဘာလ ၆ ရက်ကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ အရာတော်-မုံရွာကားလမ်းပေါ်တွင် စစ်ကြောင်း သီးခြားစီ သွားလာနေသည့် အာဏာသိမ်းစစ်ကောင်စီယာဉ်တန်း နှစ်တန်းအား ARA အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

 
 

 

 

Most read this week

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...