တရားလိုမရောက်၍ ကျောက်ဆိပ်ရွာသား ၅ ဦးအမှု ကြန့်ကြာနေ

တရားလိုမရောက်၍ ကျောက်ဆိပ်ရွာသား ၅ ဦးအမှု ကြန့်ကြာနေ

ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဟု သံသယဖြင့်ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် တရားစွဲဆိုခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသားများ ၅ ဦးအမှုမှာ တရားလို မရောက်ရှိသည့်အတွက် ကြန့်ကြာနေကြောင်းဘသိရသည်။

ဖမ်းဆီးတရားစွဲဆိုခံထားရသူများမှာ ကိုညီညီအောင် (၂၄) နှစ်၊ ကိုအောင်မျိုးလင်း (၂၄) နှစ်၊ ကိုမောင်ချေ (၂၄) နှစ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်မှ ကိုမင်းစိုး (၃၈) နှစ်နှင့် မြောက်ဦးမြို့နယ်၊ ဇီးပင်ကြီးကျေးရွာမှ ကိုကျော်ဝင်းဟိန်း (၂၂) နှစ်တို့ ဖြစ်ကြသည်။

ကိုညီညီအောင်အပါအဝင် ၅ ဦးကို စွဲဆိုထားသည့်အမှုတွင် တရားလိုပြသက်သေ ၉ ဦးအနက် ၈ ဦးကိုစစ်ဆေးပြီးဖြစ်ကာ ကျန်သက်သေတစ်ဦးမှာ စစ်တွေခရိုင်တရားရုံးသို့ လာရောက်နိုင်ခြင်းမရှိသဖြင့် ကော်မရှင်နာဖြင့်စစ်ဆေးရန် ပြီးခဲ့သည့် ဧပြီလအတွင်းမှစ၍တင်ပြထားကြောင်း ရှေ့နေထံမှသိရသည်။

အဆိုပါ သက်သေစစ်ဆေးရန်အတွက် ကော်မရှင်နာတင်ပြထားခြင်းမှာ ယနေ့အချိန်ထိ တစ်စုံတစ်ရာ အကြောင်းပြန်ခြင်းမရှိသဖြင့် အမှုကိုဆက်လက်မစစ်ဆေးနိုင်သေးကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က ပြောသည်။

“ဒီနေ့ ကျောက်ဆိပ်ရုံးထုတ်ဖြစ်ခဲ့ပေမယ့် ကော်မရှင်နာမရောက်သေးတာကြောင်း ဘာမှမလုပ်ခဲ့ရဘူး။ နိုဝင်ဘာလ ၁ ရက်နေ့ကို ရုံးပြန်ချိန်းလိုက်တယ်။ နောက်စစ်ဆေးဖို့ ဘာမှမရှိတော့ဘူး။ အဲဒီကော်မရှင်နာစစ်ဆေးဖို့ တစ်ခုဘဲရှိတော့တယ်” ဟု ဦးကျော်ညွှန့်မောင်က ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသား (၃၈) ဦးကို တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် (၃၃) ဦးကို ပြန်လွှတ်ပေးခဲ့ကာ ကျန် (၅) ဦးကို ဆက်လက်ချုပ်နှောင်ထားခဲ့သည်။

၎င်းတို့ ၅ ဦးကို ဖမ်းဆီးချုပ်နှောင်ထားစဉ်ကာလအတွင်း တပ်မတော်သားများမှ ရေယာဉ်ပေါ်တွင် ထိုးကြိတ်၊ ကန်ကျောက်နှိပ်စက်မေးမြန်းနေသည့်ဗီဒီယိုဖိုင်သည် လူမှုကွန်ယက်စာမျက်နှာပေါ် ပျံ့နှံ့လာခဲ့သည်။

ယင်းဗီဒီယိုဖိုင်မှာပါသည့်အတိုင်း လုပ်ဆောင်ခြင်းမှာ တပ်မတော်တပ်ဖွဲ့ဝင်များ မှန်ကန်သည့်အတွက် ထိုသို့လုပ်ဆောင်ခဲ့သူများအား စစ်စည်းကမ်းဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု တပ်မတော်က ထုတ်ပြန်ထားသည်။

ကျောက်ဆိပ်ကျေးရာသား ၅ ဦးမှာ AA နှင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ ပုဏ္ဏားကျွန်းမြို့အခြေစိုက် ၅၅၀ တပ်ရင်းက ဗိုလ်ကြီးတင့်နိုင်ထွန်းက တရားလိုပြုလုပ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)၊ ၅၂(က) တို့ဖြင့် ဧပြီ ၂၃ ရက်နေ့မှာ အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့ ၅ ဦးမှာ အကြမ်းဖက်မှုပုဒ်မဖြင့် ဖမ်းဆီးတရားစွဲဆိုခံနေရသည်မှာ လက်ရှိတွင် (၂) နှစ်ခန့်ကြာမြင့်လာခဲ့ပြီဖြစ်သည်။

ရက္ခိုင့်တပ်တော် (ULA/AA) ကို အကြမ်းဖက်အုပ်စုအဖြစ်မှ ရုပ်သိမ်းပြီးနောက် ရခိုင်ကအကြမ်းဖက်မှုဖြင့်စွဲဆိုထားသည့်အမှုများကို စစ်ကောင်စီက ရုပ်သိမ်းပေးမှုများရှိလာသော်လည်း လက္ကာကျေးရွာနှင့် ကျောက်ဆိပ်ကျေးရွာသားများကဲ့သို့ ထင်ရှားသောအမှုများနှင့်ပတ်သက်၍ တစ်စုံတစ်ရာထူးခြားမှုကို မတွေ့ရပေ။

လက်ရှိတွင် တရားစွဲဆိုခံထားရသည့်အမှုများနှင့်ပတ်သက်၍ ရုံးထုတ်သော်လည်း စစ်ဆေးဆောင်ရွက်ခြင်းမရှိဘဲ ရုံးချိန်းများသာ ရွှေ့ဆိုင်းနေသည့်အတွက် မိသားစုဝင်များက စိတ်ပျက်နေကြသည်။

“ကျွန်မတို့ ရုံးချိန်းလည်းမလာချင်တော့ဘူး။ လွတ်လာမယ်လို့မျှော်နေတယ် ဒီနေ့ထိမလွတ်သေးဘူး။ အကြမ်းဖက်အမှုတွေကို ရုပ်သိမ်းလို့လည်းပြောတယ်။ အခုထိဘာကြောင့်မလွတ်သေးတာလည်းမသိဘူး။ ရုံးချိန်းလာရတာလည်း ငွေကြေးအခက်အခဲ့ရှိတယ်။ တစ်ခေါက်တစ်ခေါက်လာဖို့အတွက် မလွယ်ရုန်းကန်ရတယ်” ဟု ဖမ်းဆီးခံထားရသူ ကိုမင်းစိုး၏ မိခင်ဖြစ်သူ ဒေါ်စိန်ဝင်းက ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်အတွင်းက အကြမ်းဖက်မှုပုဒ်မဖြင့်ဖမ်းဆီးတရားစွဲဆိုခံထားရသူထဲမှ လွတ်ငြိမ်းချမ်းသာခွင့်နှင့် အမှုရုပ်သိမ်းလွှာတို့ကြောင့် လွတ်မြောက်လာသူ ယနေ့အချိန်ထိ ၉၆ ဦးရှိပြီဖြစ်သော်လည်း မလွတ်မြောက်သေးသူ ၁၀၀ ကျော်အထိ ကျန်ရှိနေသေးသည်။

 
 

 

 

Most read this week

စစ်တွေမြို့နယ်မှ မွတ်ဆလင်ဒုက္ခသည်စခန်းတစ်ခုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
August 18, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျေးရွာအချို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားမှုနှုန်း...
ဓါတ်ပုံ - (ပေးပို့) ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၄ ရက်နေ့က ဖုံသာချောင်းဒေသ နတ်ထောင့်ကျေးရွာ မူလွန်စာသင် ကျောင်းတွင် ပညာသင်ကြားနေသည့် ကလေးငယ်များကို တွေ့ရစဉ်။
August 18, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ဖုံသာချောင်းဒေသရှိ နတ်ထောင့် (ရွာဟောင်း) ကျေးရွာတွင်...
(ပုံစာ - ၂၀၂၄ ခုနှစ်အတွင်းက တာမွေမြို့နယ်အတွင်း ဝမ်းပျက်/ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့သည့်နေရာများသို့ ကွင်းဆင်းနေကြစဉ် / ဓာတ်ပုံ - MOI)
August 17, 2026
ရန်ကုန်တိုင်းအတွင်း ကာလဝမ်းရောဂါဖြစ်သည့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူ ၂၆၀ ကျော်လာနေပြီး...
AA Info Desk (ဩဂုတ်လ ၁၁ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို လေကြောင်း တိုက်ခိုက်မှု)
August 17, 2026
စစ်အုပ်စုတပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဩဂုတ်လ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ရခိုင်နှင့်...