ရခိုင် ၁၆ မြို့နယ်မှ ကျောင်းသူ/သားများကို ကိုဗစ်ကာကွယ်ဆေးစတင်ထိုးပေး၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲ၍ မာန်အောင်မြို့နယ် မပါဝင်သေး

ရခိုင် ၁၆ မြို့နယ်မှ ကျောင်းသူ/သားများကို ကိုဗစ်ကာကွယ်ဆေးစတင်ထိုးပေး၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲ၍ မာန်အောင်မြို့နယ် မပါဝင်သေး

ရခိုင်ရှိ မြို့နယ် ၁၆ ခုမှ ကျောင်းသူ/သားများကို ယနေ့တွင် ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနေပြီဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲ့သည့်အတွက် မာန်အောင်တစ်မြို့နယ်တည်းမှ ကျောင်းသူ/သားများကို ထိုးမပေးနိုင်သေးဟု သိရသည်။

မာန်အောင်မြို့နယ်မှအပ ကျန်မြို့နယ် ၁၆ ခုတွင် အသက် ၁၂ နှစ်အထက် အလယ်တန်းနှင့် အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများကို ယနေ့ အောက်တိုဘာလ ၁၇ ရက် နံနက် ၉ နာရီမှစတင်ကာ ကိုဗစ်ကာကွယ်ဆေးစတင်ထိုးနှံပေးနေခြင်းဖြစ်သည်။

စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင်က "ဒီနေ့မှာ ၁၆ မြို့နယ်က ကျောင်းသား/ ကျောင်းသူတွေကို စထိုးနေပါပြီ" ဟု ပြောသည်။

မာန်အောင်မြို့နယ်တွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် ဆေးရောက်ချိန်ကြန့်ကြာနေပြီး ဆေးရောက်သည်နှင့် စတင်ထိုးပေးသွားမည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ကျောင်းသူ၊ ကျောင်းသားများကို ယနေ့စတင်ထိုးပေးနေသည့် ကိုဗစ်ကာကွယ်ဆေးမှာ Sinovac အမျိုးအစားဖြစ်ပြီး ရခိုင်တစ်ပြည်လုံးရှိ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၁၈၇,၇၄၄ ဦးအား ထိုးပေးသွားမည်ဟု သိရသည်။

ဆေးထိုးလာသည့် စစ်တွေမြို့ မကျည်းမြိုင်အထက (ခွဲ) ကျောင်းမှ ဆဋ္ဌမတန်း ကျောင်းသူ မခင်ပြည့်ပြည့်သူက "ကိုဗစ်ကာကွယ်ဆေးထိုးလိုက်ရင် ကျောင်းလည်း တက်ရမယ်။ သူငယ်ချင်းတွေနဲ့ ဆရာမတွေနဲ့ အမြန်တွေ့ရမယ်။ နောက်ထပ် ဆေးမထိုးဘဲ ကျန်နေသေးတဲ့ သူငယ်ချင်းတွေကို ဒီကိုဗစ်ကာကွယ်ဆေးဟာ ကောင်းတယ်။ သူငယ်ချင်းတို့ ဆေးအရင် ထိုးကြပါလို့ပြောချင်ပါတယ်" ဟု နိရဥ္စရာကို ပြောသည်။

အဆိုပါ ကိုဗစ်ကာကွယ်ဆေးထိုးပေးရာတွင် အစိုးရစာသင်ကျောင်း၊ ပုဂ္ဂလိက စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းသူ၊ ကျောင်းသားများလည်း ပါဝင်သည်။

ကျောင်းသားမိဘတစ်ဦးဖြစ်သည့် ဒေါ်စောမြတ်သန္တာဝင်းက "ကိုဗစ်ကြောင့် ကျောင်းတွေ ပိတ်ထားတော့ သားသမီးတွေက အသက်တွေကြီးလာကြတယ်။ ကိုဗစ်ကာကွယ်ဆေးတွေ ထိုးလိုက်ရင် ကျောင်းဖွင့်ဖို့ဘက်ကို အားသာသွားတယ်။ သမီးလေးအတွက်လည်း ကိုဗစ်ကာကွယ်တဲ့အနေနဲ့ ထိုးဖြစ်ခဲ့တာပါ" ဟုပြောသည်။

တစ်နိုင်ငံလုံးရှိ အခြေခံပညာစာသင်ကျောင်းများအား ကိုဗစ်ကပ်ရောဂါကြောင့် ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်မှစတင်ကာ အောက်တိုဘာလ ၂၄ ရက်အထိ ပိတ်ထားရသည်။

ကျောင်းသူ၊ ကျောင်းသားများအား ကိုဗစ်ကာကွယ်ဆေးထိုးပြီးပါက လာမည့်နိုဝင်ဘာလအတွင်း အခြေခံပညာစာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်တော့မည်ဟု နစကကောင်စီက ထုတ်ဖော်ပြောဆိုထားသည်။

 
 

 

 

August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...