"၁၆ဦးလုံးကို ၉ရက်နေ့ကပဲ ပြန်လွှတ်ပေးလိုက်ပြီ၊ သစ်တွေကို ကြမ်းခင်းစျေးနဲ့ ရောင်းပေးဖို့အတွက်လည်း သစ်တောက တွက်ချက်နေ ပါတယ်။ သစ်တွေကိုပြန်မသိမ်းတော့ဘဲ အဲဒီနေရာမှာပဲ ထားထားတယ်။ "၀" တပ်ဖွဲ့တွေလည်း မရှိတော့ဘူး။ အားလုံးရှင်းသွားပါပြီ။ အေးအေး ဆေးဆေးပါပဲ" ဟု ၎င်းကဆိုသည်။
"၀" တပ်ဖွဲ့သို့ ရောင်းချမည်ဟုဆိုသော်လည်း အခြေခံကြမ်းခင်းစျေးကို မည်သို့ သတ်မှတ်ရောင်းချမည်ကို မသိရှိရပေ။
"၀"တပ်ဖွဲ့က နန့်ဆိန် သစ်တောကြိုးဝိုင်းအတွင်းမှ သစ်တန်ပေါင်း ၂၂၅ တန်ကို ခုတ်ယူခြင်းဖြစ်ပြီး ယင်းနေရာသည် "၀" တပ်မတော်၏ တပ်မဟာ ၄၁၂ လှုပ်ရှားသည့် နယ်မြေလည်းဖြစ်ပြီး လွန်ခဲ့သည့်တစ်နှစ် နီးပါးကပင် ခုတ်ယူထားခြင်းဖြစ်သည်ဟုလည်း "၀" တပ်ဖွဲ့ပြောခွင့်ရသူ ဦးအောင်မြင့်က မဇ္ဈိမကိုပြောထားသည်။
"၀"တပ်ဖွဲ့နှင့် တပ်မတော်တို့ ထိတွေ့မှုတွင် သေနတ်သံမထွက်ဘဲ ဖြေရှင်းကြရန် သမ္မတဦးသိန်းစိန်က ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး ကော်မတီ ဒုတိယဥက္ကဌမှ တစ်ဆင့် "၀" တပ်ဖွဲ့သို့ ဆက်သွယ် ညွှန်ကြားခဲ့ပြီး မိမိတို့အနေဖြင့်လည်း သက်ဆိုင်ရာတပ်များကို တိုက်ပွဲ မဖြစ်စေရေး ညွှန်ကြားချက်များ ထုတ်ကာ ထိန်းသိမ်းခဲ့သည်ဟု ဦးအောင်မြင့်က ဆိုထားသည်။
ဇွန်လ ၃ရက်တွင် မိုးတုံမြို့နှင့် ပုံပါကျင်အကြား နန့်ဆိန် သစ်တောကြိုးဝိုင်းအတွင်း "၀" တပ်ဖွဲ့က သစ်ခုတ်ယူရာ ပြည်နယ်အစိုးရ၏ သစ်တောရဲနှင့် ရဲတပ်ဖွဲ့တို့ ပါ၀င်သည့် ဖမ်းဆီးရေးအဖွဲ့က ဖမ်းဆီးရာမှ လုံခြံုရေးယူသည့် ခမရ ၅၁၉ ကို "၀" တပ်ဖွဲ့က ၀ိုင်းထားပြီး တပ်အချင်းချင်း ထိတွေ့ခဲ့ခြင်းဖြစ်သည်။
"၀"တပ်ဖွဲ့ဝိုင်းထားခြင်းကြောင့် သွားရောက်ဖမ်းဆီးသည့် ရဲ ၁၀ဦးနှင့် သစ်တောရဲ ၆ဦးနှင့် ခမရ ၅၁၉ မှ တပ်ဖွဲ့ဝင်တို့ အခင်းဖြစ်သည့် နေရာတွင် ပိတ်ဆို့ခံခဲ့ရပြီး၊ နောက်တစ်နေ့တွင်ပင် "၀"တပ်ဖွဲ့နှင့် တြိဂံတိုင်း တိုင်းမှူးတို့ ညှိနှိုင်း အဆင်ပြေ၍ ပြန်လည် ထွက်ခွာခွင့်ရခဲ့ကြသည်။
"၀" တပ်ဖွဲ့သည် ၂၀၁၁ခုနှစ် ဒီဇင်ဘာလ ၂၅ရက်တွင် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီထားပြီး လက်နက်စက်ရုံပိုင်ဆိုင်သည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တစ်ခု ဖြစ်သည်။







