ရခိုင်မှ နေရပ်ပြန်မည့်စစ်ဘေးရှောင်တစ်အိမ်ထောင်စီအတွက် ပြည်နယ်ကောင်စီကပေးမည့် ကျပ် ၃ သိန်း လုံလောက်မှုမရှိဟုဆို

ရခိုင်မှ နေရပ်ပြန်မည့်စစ်ဘေးရှောင်တစ်အိမ်ထောင်စီအတွက် ပြည်နယ်ကောင်စီကပေးမည့် ကျပ် ၃ သိန်း လုံလောက်မှုမရှိဟုဆို
ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းတစ်နေရာအားတွေ့ရစဉ်။
ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းတစ်နေရာအားတွေ့ရစဉ်။

ရခိုင်ပြည်နယ်မှ နေရပ်သို့ပြန်မည့် စစ်ဘေးရှောင်တစ်အိမ်ထောင်စီအတွက် ပြည်နယ်ကောင်စီကပေးမည့် ကျပ် ၃ သိန်းမှာ လုံလောက်မှုမရှိဟု စစ်ဘေးရှောင်များက ပြောသည်။

ကျောက်တော်မြို့ မြို့သစ်မှန်ကျောင်း စစ်ဘေးရှောင်စခန်းတွင်နေထိုင်သည့် တင်းမကျေးရွာမှ ဒေါ်ခင်မေဝင်းက “နေရပ်ပြန်ရင်လည်း နေစရာအိမ်ဆိုတာ မရှိတော့ဘူး။ အိမ်ရှိရင်တောင် ပိုက်ဆံလေး သုံးလေးသိန်းနဲ့ မိသားစုဘဝရပ်တည်ဖို့ဆိုတာလည်း မလွယ်ဘူး” ဟု ပြောသည်။

ရခိုင်ပြည်နယ်ကောင်စီက ရခိုင်ရှိ နေရပ်ပြန်မည့်စစ်ဘေးရှောင်များကို ယခင်က တစ်အိမ်ထောင်လျှင် ဆန် ၁ လစာနှင့် ငွေကျပ် ၅ သိန်းပေးခဲ့သည်။

လက်ရှိတွင် ဘဏ်မှငွေထုတ်၍မရဟုဆိုကာ ဆန် ၁ လစာနှင့် ငွေကျပ် ၃ သိန်းသာ ပေးနိုင်တော့မည်ဟု ပြည်နယ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက အောက်တိုဘာ ၈ ရက်က စစ်တွေရှိ သတင်းထောက်များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

“နေရပ်ပြန်မဲ့စစ်ဘေးရှောင်တွေကို တရားဝင်ပို့မယ်ဆိုရင် မိုင်းရှင်းပြီးမှပို့မယ်။ ဆန် ၁ လစာနဲ့ ပိုက်ဆံ ၃ သိန်းလောက် လျော့ပေါ့ပြီးပေးနိုင်တယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလမှ ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလအထိ ၂ နှစ်ကြာဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် လူပေါင်း ၂ သိန်းခန့် နေရပ်စွန့်ခွာထွက်ပြေးပြီး စစ်ဘေးရှောင်စခန်းအသီးသီးတွင် ခိုလှုံခဲ့ရသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) အဖွဲ့က ပြောသည်။

လက်ရှိတွင် တိုက်ပွဲများရပ်တန့်နေပြီဖြစ်၍ စစ်ဘေးရှောင် ၁ သိန်းကျော် မိမိအစီအစဉ်ဖြင့် နေရပ်ပြန်သွားကြပြီဖြစ်ပြီး ယင်းအထဲတွင် ပြည်နယ်ကောင်စီထံမှနေရပ်ပြန်စရိတ် ကျပ် ၅ သိန်းရရှိသည့်အိမ်ထောင်စု အနည်းအကျဉ်းသာပါဝင်ခဲ့သည်။

အမ်းမြို့နယ် ပဲပဒုံစစ်ဘေးရှောင်စခန်းတာဝန်ခံဦးသန်းချိုက “တချို့ဆို နေရပ်ပြန်ရတာဝေးတယ်။ လမ်းခရီးမှာတင် ပိုက်ဆံတစ်ဝက်လောက်က ကုန်သွားပြီ။ သူတို့ဆီက ဘယ်လောက်ပဲထောက်ပံ့ပေးပါစေ။ လုံလုံလောက်လောက်တော့ ဘယ်ရှိနိုင်ပါ့မလဲ” ဟု ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် စခန်းတွင်းနေထိုင်သူ ၆ သောင်း ၄ ထောင်နှင့် စခန်းပြင်ပနေထိုင်သူ ၂ သောင်း ၄ ထောင်ရှိနေသေးသည်ဟုလည်း REC က ဆိုသည်။

၄င်းတို့သည် ၄င်းတို့၏ရပ်ရွာအနီး မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများကို သက်ဆိုင်ရာက ဖယ်ရှားခြင်းမရှိသေး၍ နေရပ်မပြန်နိုင်ဖြစ်နေရခြင်းဖြစ်သည်။

 
 

 

 

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...