စစ်ရှောင်ကူညီရင်း ကားမတော်တဆဖြစ်ပြီး Free Burma Ranger-Karenni တပ်ဖွဲ့ဝင်တစ်ဦးကျဆုံး

စစ်ရှောင်ကူညီရင်း ကားမတော်တဆဖြစ်ပြီး Free Burma Ranger-Karenni တပ်ဖွဲ့ဝင်တစ်ဦးကျဆုံး
Free Burma Ranger - Karenni Facebook
Free Burma Ranger - Karenni Facebook

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အရှေ့ဖက်ရှိ ရိက္ခာပြတ်လပ်နေတဲ့ စစ်ဘေးရှောင်စခန်းတစ်ခုကို ရိက္ခာသယ်ယူပို့ဆောင်နေစဉ် Free Burma Ranger-Karenni အဖွဲ့ စီးနှင်းလာတဲ့ကား မတော်တဆချောက်ထိုးကျခဲ့ပြီး တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးသွားတယ်လို့ Free Burma Ranger-Karenni က ဒီကနေ့ အောက်တိုဘာလ ၁၄ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

“ပြီးခဲ့တဲ့ ၁၁ ရက်နေ့တုန်းက ရိက္ခာပြတ်လပ်နေတဲ့ စစ်ရှောင်စခန်းတစ်ခုမှ သွားပို့ရင်းနဲ့ အပြန်မှာပဲ ကားမှောက်သွားတယ်။ ကားက ချောက်ထဲထိုးကျသွားတယ်။ အဲ့ဒါ ပါလာတဲ့သူတွေကတော့ ၇ ယောက်၊ ၈ ယောက်လောက်ပါလာတယ်။ အရှေ့ခန်းမှာထိုင်တဲ့ ကားဒရိုင်ဘာတစ်ယောက်ရယ် ဘေးကတစ်ယောက်ရယ်က အဓိက ထိသွားတယ်ပေါ့။ ဒါရိုင်ဘာကတော့ နံရိုးထိသွားတယ်ဆိုလား သေချာတော့မစစ်ရသေးဘူး။ ဘေးမှာပါလာတဲ့တစ်ယောက်တော့ ခု ကျသွားတယ်ဆိုတဲ့တစ်ယောက်ပေါ့။ နောက်မှာပါလာတဲ့ သူတွေကတော့ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး။” လို့ စစ်ရှောင်ကူညီပေးသူ ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

အဆိုပါ ကျဆုံးသွားတဲ့ Free Burma Ranger-Karenni တပ်ဖွဲ့ဝင်တစ်ဦးမှာ အသက် ၃၀ ဝန်းကျင်အရွယ်ရှိပြီး အောက်တိုဘာလ ၁၁ ရက်နေ့မှာ စစ်ရှောင်ကူညီစဉ် ကားမတော်တဆမှုကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ရပြီး အောက်တိုဘာလ ၁၃ ရက်နေ့မှာ မြေမြှုပ်သင်္ဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။

Free Burma Ranger-Karenni ဟာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူဆီ အရေးပေါ်အစားအသောက်နဲ့ အသုံးအဆောင်ပစ္စည်းတွေကို ပေးအပ်ကူညီပြီး ခွန်အားပေးနှစ်သိမ့်ပေးတဲ့ အစီအစဉ်လည်း ပြုလုပ်ပေးနေသလို တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေကို ဘေးလွတ်ရာကို ရွေ့ပြောင်းကူညီပေးတဲ့ အလုပ်ကိုလည်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

May 5, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်တချို့ဟာ ဆေးဝါးမလုံလောက်မှု၊...
May 4, 2026
ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ဧပြီလ ဒုတိယပတ်ကစပြီး ဝက်နာမကျန်းမှု...
May 2, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့...
May 1, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ယခုရက်ပိုင်းအတွင်း ခဲစျေး ထပ်မံကျဆင်းနေတာကြောင့်...