ကြို့ပင်ကောက် ရွာသုံးရွာ လျှပ်စစ်မီးဖြတ်ခံရ

ကြို့ပင်ကောက် ရွာသုံးရွာ လျှပ်စစ်မီးဖြတ်ခံရ

ပဲခူတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့ အရှေ့ဘက်ရှိ အိမ်ခြေ ၂၀၀ ခန့်ရှိသော ကျေးရွာ ၃ ရွာကို မီတာခပေးဆောင်ခြင်း မရှိ၍ဆိုကာ စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်လိုက်သည်။

ထို ကျေးရွာ ၃ ရွာသည် လွန်ခဲ့သည့်တနှစ်ခန့်က ပြည်သူနှင့်အစိုးရ တဝက်စီကျခံ၍ လျှပ်စစ်မီးသွယ်ယူထားခြင်းဖြစ်ပြီး ရွာသုံးရွာပေါင်း အိမ်ခြေ ၆၀၀ ခန့်ရှိသည့်အနက် ၃၀၀ ကျော်ခန့် မီးဖြတ်ခံထားရ၍ အခက်အခဲများဖြစ်နေသည်ဟု ဒေသခံတစ်ဦးကပြောသည်။

“ထက်ဝက်လောက်ကို မီးဖြတ်ထား စစ်သားတွေနဲ့ လျှပ်စစ်ဝန်ထမ်းတွေ ပေါင်းပြီးလာဖြတ်သွားတာ“ ဟု ဒေသခံတစ်ဦးက ပြောသည်။

အောက်တိုဘာလ ၁၂ ရက်နေ့၊ ညနေ ၃ နာရီခန့်တွင် စစ်သားများနှင့် လျှပ်စစ်ဝန်ထမ်းများ ပူးပေါင်း၍ ရွာများ၏ ထရန်စမော်မာကို လာပိတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

မီးအဖြတ်ခံရသော ကျေးရွာသုံးရွာမှာ ကြို့ပင်ကောက်မြို့ အရှေ့ဂုန်ညှင်းတန်းကြီးကျေးရွာ၊ ဘထိန်ဝင်ကျေးရွာနှင့် ဖုန်းစိုးစုကျေးရွာတို့ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မီတာခ မဆောင်ကြ၍ လျှပ်စစ်လုပ်ငန်းဝင်ငွေမရှိလျှင် စက်ရုံပိတ်ရခြင်းမျိုးဖြစ်လာနိုင်ကြောင်း အထူးသဖြင့် လျှပ်စစ်ကို အဓိကမှီခိုနေရသည့် မြို့ပြများအတွက် ထိခိုက်နိုင်သည်ဟု နားလည်ထားသော်လည်း ယခု ကျေးရွာများအထိပါ သက်ရောက်မှုရှိလာနေသည်ဟု စွမ်းအင်ကဏ္ဍ လေ့လာနေသူတစ်ဦးက ပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဆောင်သည့် အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုကြောင့် လစဉ်ပေးဆောင်ရမည့် မီတာခများကို မဆောင်ကြပဲ ပြည်သူများက စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်နေကြခြင်းဖြစ်သည်။

သို့သော် မီတာခပေးဆောင်သူအချို့လည်း ရှိသည်ဟု ဆိုကြသည်။

ထို့ကြောင့် ဖေဖော်ဝါရီလကစတင်၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာ၏ ဝင်ငွေသည် ယခင်နှစ်ကထက် ၉၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စီးပွားရေးပညာရှင်များ IEM က ဇူလိုင်လတွင် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။

 
 

 

 

February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...