ဖယ်ခုံမြို့နယ် စစ်ကောင်စီမှဖမ်းသွားသည့် လူငယ်များ ထောင်ဝင်စာတွေ့ခွင့်မရှိ

ဖယ်ခုံမြို့နယ် စစ်ကောင်စီမှဖမ်းသွားသည့် လူငယ်များ ထောင်ဝင်စာတွေ့ခွင့်မရှိ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းတွင် ပြီးခဲ့သည့် စက်တင်ဘာလနှောင်းပိုင်းနှင့် ယခု အောက်တိုဘာလဆန်းပိုင်းအတွင်း စစ်ကောင်စီတို့၏ မတရားဖမ်းဆီးမှုကိုခံရသည့် လူငယ်များသည် ထောင်ဝင်စာတွေ့ခွင့်မရှိကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကုန်းသာတိုက်ပွဲအပြီးတွင် စစ်ကောင်စီတို့သည် ဖယ်ခုံမြို့နယ်အတွင်း ခြေကျင်လှည့်လည်ပြီး အပြစ်မဲ့လူငယ် ၇ ဦးထက်မနည်းကို PDF ဟု စွပ်စွဲပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဖယ်ခုံမြို့နေဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရင်ကလည်း ကျနော်တို့နယ်ထဲမှာ အဲ့လိုအဖမ်းခံရတဲ့ လူငယ်တွေရှိနေပါတယ်၊ ကုန်းသာတိုက်ပွဲအပြီးမှာတော့ သူတို့က လူငယ် ၇ လောက်ကို ဖမ်းခေါ်သွားတယ်၊ တချို့က ခုမှ ၁၈ နှစ်၊ ၁၉ နှစ် အရွယ်လေးပဲရှိသေးတယ်၊ သူတို့ (စစ်ကောင်စီ) ကို လာတိုက်တဲ့ PDF တွေလို့ထင်ပြီး ဖမ်းသွားတာ၊ ကျနော်တို့နယ်ထဲမှာ အဖမ်းခံရတဲ့လူငယ်တွေက ၅၀ နီးနီးရှိနေပြီ” ဟု အထက်ပါ အမျိုးသားပုဂ္ဂိုလ်က ပြောသည်။

အဆိုပါလူငယ်များကို ညောင်ရွှေမြို့ရှိ ညောင်ရွှေအကျဉ်းထောင် (တောင်လေးလုံးထောင်) တွင် ဖမ်းဆီးထိန်းသိမ်းထားသည်ဟုသာ သိရပြီး မည်သည့် အဆက်အသွယ်မှ မရရှိသည့်အပြင် ထောင်ဝင်စာပေးခွင့်လည်း မရှိသည့်အတွက် မိသားစုဝင်များက စိုးရိမ်ပူပန်နေကြကြောင်း တောင်လေးလုံးအကျဉ်းသားများကို ကူညီမှုပေးနေသည့် ပရဟိတတစ်ဦးကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ ရရှိထားတဲ့ စာရင်းအရတော့ ဖယ်ခုံက ၅၁ ယောက် တောင်လေးလုံးထောင်ထဲမှာ ရှိနေတယ်လို့ သတင်းကြားမိပါတယ်၊ သူတို့လေးတွေအတွက် ထောင်ဝင်စာလဲလာတွေ့ခွင့်မရှိ စောင်တွေဘာတွေလဲမရှိတော့ တတ်နိုင်သလောက် ကူပေးပါလို့ပြောလာတယ်” ဟု အဆိုပါ ပရဟိတ အမျိုးသားက ပြောသည်။

လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီတို့သည် သျှမ်း–ကယား (ကရင်နီ) နယ်စပ် သျှမ်းတောင် ဖယ်ခုံမြို့အပါအဝင် မိုးဗြဲနှင့် လွိုင်ကော်မြို့တို့တွင်လည်း အင်အားအများအပြားတိုးချဲ့ကာ ဌာနေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် KNDF ပူးပေါင်းတပ်ဖွဲတို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေလျက်ရှိပြီး ဒေသခံ ကျေးရွာနေပြည်သူများစွာလည်း စစ်ဘေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

 
 

 

 

May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...