ကလောပြည်သူ့ဆေးရုံမှ CDM လုပ်သည့် ဝန်ထမ်းများ ဖိအားပေးခြိမ်းခြောက်ခံနေရ

ကလောပြည်သူ့ဆေးရုံမှ CDM လုပ်သည့် ဝန်ထမ်းများ ဖိအားပေးခြိမ်းခြောက်ခံနေရ

သျှမ်းပြည်တောင်ပိုင်း ကလောမြို့ရှိ မြို့နယ်ပြည်သူ့ဆေးရုံမှ CDM လုပ်သည့် ဝန်ထမ်းများ ဖိအားပေးခြိမ်းခြောက်ခံနေရကြောင်း စုံစမ်းသိရှိရသည်။

ကလောမြို့ပြည်သူ့ဆေးရုံမှ CDM မပြုလုပ်သည့် ဝါရင့် သူနာပြုဆရာမကြီးတစ်ဦးသည် CDM လုပ်ဆောင်သည့် ဝန်ထမ်းများ၏ အမည်စာရင်းနှင့် ကိုယ်ရေးအချက်အလက်များကို ထွေအုပ်ရုံးသို့ ပို့ဆောင်ပေးပြီး အလုပ်ပြန်ဆင်းရန် ခြိမ်းခြောက်စာများ ပေးပို့လာကြောင်း ကလောမြို့မှ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူက (သူနာပြုဆရာမကြီး) ဒီကလောဆေးရုံကို ရောက်တာကြာနေပြီ၊ မြို့ခံလိုလည်းဖြစ်နေပြီ၊ သူက စစ်တပ်ထောက်ခံသူပေါ့၊ အခုက ဆေးရုံမှာ ဝန်ထမ်းအင်အားလည်း နည်းနေတော့ CDM လုပ်ထားတဲ့ ဝန်ထမ်းတွေကို အလုပ်ပြန်ဆင်းခိုင်းတယ်၊ စာရင်းတွေကလိုလည်း ထွေအုပ်ရုံးကို ပို့ထားပြီ၊ အလုပ်လာဆင်းလာ မလာရင်တော့ မင်းတို့အဖြစ်နဲ့ မင်းတို့ပဲဆိုပြီးတော့ CDM ဝန်ထမ်းတွေကို ခြိမ်းခြောက်စာပို့ခဲ့တယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

CDM လုပ်ဆောင်ခြင်းမရှိသည့် တပ်ထောက်ခံသူ သူနာပြုဆရာမကြီးသည် CDM လုပ်ဆောင်သည့် ဝန်ထမ်းများကို အလုပ်ပြန်မဆင်းပါက တရားစွဲခံရမည်ဖြစ်ကြောင်း သို့မဟုတ် အလုပ်ထုတ်ခံရမည်ဖြစ်ကြောင်း ကဲ့သို့သော ခြိမ်းခြောက်စာများကို ပေးပို့နေသည့်အတွက် တချို့သော CDM လုပ်ဆောင်သည့် ဝန်ထမ်းများသည်လည်း မိမိတို့မိသားစု ထိခိုက်လာမည်ကို စိုးရိမ်သောကြောင့် အလုပ်ပြန်ဆင်းနေကြောင်းလည်း သတင်းသိရသည်။

“ဝန်ထမ်းတော်တော်များများက မတ်လကတည်းက CDM လုပ်ထားတာဆိုတော့ တချို့ကလည်း စားဝတ်နေရေးအတွက် အရမ်းခက်ခဲနေကြပြီလေ၊ ပြီးတော့ ဆရာမကြီးကလည်း တရားစွဲမယ်ဆိုတာတွေ ပြောလာတော့ တချို့က မိသားစုကို ထိခိုက်မှာစိုးလို့ အလုပ်ပြန်ဆင်းတာလည်းရှိတယ်၊ မဆင်းရင်လည်း တခြားအလုပ်ရှိမှ အဆင်ပြေတော့မှာ” ဟု ကလောမြို့ ဆေးရုံဝန်ထမ်းနှင့်နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်တပ်မှနိုင်ငံတော် အာဏာကိုသိမ်းယူပြီးနောက် အာဏာရှင်လက်အောက် တာဝန်ထမ်းဆောင်လိုခြင်းမရှိသည့် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းအများစုသည် အကြမ်းမဖက် အမိန့်မနာခံ အာဏာဖီဆန်ခြင်းဟူသည့် CDM ပြုလုပ်ပြီး ဆန့်ကျင်မှုတွင် ကျန်းမာရေးဌာနမှ ဝန်ထမ်းအများဆုံးပါဝင်ကာ ယင်းတို့အနက် ကလောမြို့နယ် ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများလည်း ပါဝင်သည်။

 
 

 

 

May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...