မိုင်းငေါ့ မှတ်ပုံတင်မရှိ စစ်ရှောင်များ ကိုဗစ်ကာကွယ်ဆေးထိုးရန် အခက်ကြုံနေ

မိုင်းငေါ့ မှတ်ပုံတင်မရှိ စစ်ရှောင်များ ကိုဗစ်ကာကွယ်ဆေးထိုးရန် အခက်ကြုံနေ

သျှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့တွင် ရောက်ရှိခိုလုံနေကြပြီး မှတ်ပုံတင်မရှိသည့် စစ်ရှောင်များ ကိုဗစ်ကာကွယ်ဆေးထိုးရန် အခက်ခဲ ကြုံနေကြောင်း သတင်းရရှိသည်။

မိုင်းငေါ့တွင် စစ်ရှောင် (၂၀၀) ကျော်ရှိနေပြီး မှတ်ပုံတင်မရှိသည့်အတွက် ကာကွယ်ဆေးထိုးရန် အခက်ခဲကြုံနေတာဖြစ်ကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။

“သူတို့တွေ စစ်ရှောင်လာတော့ စာရွက်စာတမ်းတွေ ဘာမှမပါလာဘူး၊ တချို့က အသက်ပြည့်ပေမယ့် မှတ်ပုံတင်တွေ မရှိထားဘူး၊ အဲ့တော့ မှတ်ပုံတင်ရဖို့ လျှောက်ထားပေးတယ်၊ မရသေးလို့ မထိုးရသေးဘူး” ဟု မိုင်းငေါ့စစ်ရှောင်များကို ကူညီနေသည့် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် ကျန်းမာရေးဦးစီးဌာနက အသက် (၁၈) နှစ်အထက်ရှိသူများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသော်လည်း စစ်ရှောင်များတွင် မှတ်ပုံတင်မရှိသူများ ရှိနေသည့်အတွက် ကိုဗစ်ကာကွယ်ဆေး ထိုးနှံရခြင်း မရှိသေးတာဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလတွင် ကျောက်မဲမြို့နယ်အတွင်း ကိုဗစ်ကူးစက်ခံရသည့် စစ်ရှောင် (၂၀၀) ဝန်းကျင်ထိရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကျောက်မဲမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းများတွင် အစားအသောက်များ ခက်ခဲမှုတွေရှိနေကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။

“သူတို့က နေရပ်ပြန်ချင်ပေမယ့် မပြန်ရဲသေးဘူး၊ ခုချိန်က အားလုံး ခက်ခဲနေကြတာဆိုတော့ အလှူရှင်တွေလည်း လျော့နည်းသွားတယ်၊ အဓိက က ဟင်းသီးဟင်းရွက်နဲ့ ဆီတွေ၊ ထင်းတွေ လိုအပ်နေတာ” ဟု မိုင်းငေါ့ စစ်ရှောင်ကူညီသူ ဦးထွန်းတင်က ဆိုသည်။

ကျောက်မဲမြို့နယ်တွင် ယနေ့အချိန်ထိ စစ်ရှောင်စခန်းများတွင် ခိုလှုံနေရသူများ၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ဆွေမျိုးနေအိမ်များတွင် နေထိုင်သူများအပါအဝင် နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင် (၄၀၀၀) ဝန်းကျင်ထိရှိနေကြောင်း ကျောက်မဲစစ်ရှောင်ကူညီသူများထံမှ သိရသည်။

May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...