ပုဏ္ဏားကျွန်းအတွက် လိုအပ်ချက် ၅ ချက်ကို ဒေသခံများက ပြည်နယ်ဝန်ကြီးချုပ်ထံ တောင်းဆို

ပုဏ္ဏားကျွန်းအတွက် လိုအပ်ချက် ၅ ချက်ကို ဒေသခံများက ပြည်နယ်ဝန်ကြီးချုပ်ထံ တောင်းဆို

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွက် လိုအပ်ချက် ၅ ချက်ကို ဒေသခံများက ပြည်နယ်ဝန်ကြီးချုပ်ထံ ယမန်နေ့က တောင်းဆိုခဲ့ကြသည်ဟု သတင်းရရှိသည်။

ယမန်နေ့ အောက်တိုဘာလ ၅ ရက် နံနက်က ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းဦးဆောင်သော ပြည်နယ်အစိုးရအဖွဲ့နှင့် မြို့မိမြို့ဖများ၊ ဒေသခံများတွေ့ဆုံပွဲတွင် ယခုကဲ့သို့ တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

ယခုတောင်းဆိုခဲ့ကြသည့် အချက် ၅ ချက်မှာ ပုဏ္ဏားကျွန်းမြို့နှင့် ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်ကြီးသို့ သွယ်တန်းထားသော ဦးရာဇ်မင်္ဂလာကြိုးတံတားကို ကွန်ကရစ်တံတားအဖြစ် ဆောက်လုပ်ပေးရန်၊ ပုဏ္ဏားကျွန်းမြို့နယ်ဆေးရုံတွင် ထရန်စဖော်မာများ တပ်ဆင်ပေးရန်၊ ပုဏ္ဏားကျွန်းမြို့တွင် မီးသင်္ဂြိုလ်စက် ဆောက်လုပ်ပေးရန်၊ ယိုးတရုပ်တိုက်နယ်ပြည်သူ့ဆေးရုံကို အသစ်ပြန်လည်ပြုပြင်ပေးရန်နှင့် ပိုးရွှီပြင်ရွာအပါအဝင် အနီးအနားကျေးရွာများကို လျှပ်စစ်မီး ၂၄ နာရီထုတ်လွှတ်ပေးရန် စသည့်အချက်များဖြစ်သည်။

ပြုပြင်ပေးရန်တောင်းဆိုခဲ့သည့်အချက် ၅ ချက်တွင်ပါဝင်သော ဦးရာဇ်မင်္ဂလာကြိုးတံတားမှာ ခိုင်ခံ့မှုမရှိတော့သည့်အတွက် တံတားအသုံးပြုသူများနှင့် ဘုရားဖူးသူများ စိတ်ချမ်းသာမှုရှိစေရန် တောင်းဆိုခြင်းဖြစ်သည်ဟု ပုဏ္ဏားကျွန်းမြို့ ရွာဟောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးဦးမောင်ရွှေသိန်းက နိရဥ္စရာကို ပြောသည်။

“တံတားက ဟောင်းနေပြီ။ ဘုရားဖူးလာတဲ့သူတွေများတဲ့အတွက် ကြိုးတွေပျက်သွားမှာ စိုးရိမ်ရတယ်။ လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းစေချင်ပါတယ်” ဟု ပြောသည်။

ယင်းအပြင် ယိုးတရုပ် တိုက်နယ်ပြည်သူ့ဆေးရုံသည် လက်ရှိတွင် ကျိုးပဲ့ပျက်စီးနေပြီး ဆရာဝန်၊ ဆေးရုံခန်းများအပြည့်အစုံမရှိ၍ ယခုကဲ့သို့ တောင်းဆိုရခြင်းဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံအောင်သိန်းက နိရဥ္စရာကို ပြောသည်။

“ဆေးရုံဆောက်ဖို့လိုအပ်နေတာကြာပါပြီ။ အရင်ကလည်း ခဏခဏ တောင်းဆိုဖူးပါတယ်။ ဆေးရုံကပျက်စီးနေတော့ အခက်ခဲတွေလည်းရှိတယ်။”ဟု ပြောသည်။

အဆိုပါဆေးရုံကို ပုဏ္ဏားကျွန်းမြို့နယ်အပြင် ကျောက်တော်နှင့် မြောက်ဦးဘက်ကလည်း လာရောက်အားထားနေရသည်ဟု သိရသည်။

ယခုတောင်းဆိုချက် ၅ ချက်နှင့်ပတ်သက်ပြီး ပြန်လည်စိစစ် ဆောင်ရွက်ပေးသွားမည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက ပြောဆိုသွားခဲ့ကြောင်း တွေ့ဆုံပွဲတက်ရောက်ခဲ့သူများက ပြောသည်။

 
 

 

 

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...