သီပေါမြို့နယ်အတွင်း ဈေးများဆက်ပိတ် ဈေးရောင်းသူ ခက်ခဲကြုံနေ

သီပေါမြို့နယ်အတွင်း ဈေးများဆက်ပိတ် ဈေးရောင်းသူ ခက်ခဲကြုံနေ

သျှမ်းမြောက် သီပေါမြို့နယ်အတွင်းရှိ ဈေးများအား ရက်အကန့်အသတ်မရှိ ယာယီဆက်လက် ပိတ်ထားတဲ့အတွက် ဈေးရောင်းသူများ အခက်ခဲ ကြုံနေကြောင်း သတင်းရရှိသည်။

သီပေါမြို့နယ်အတွင်းရှိ ဈေးများ ပိတ်ထားမှု (၃) လဝန်းကျင် ကြာမြင့်နေပြီဖြစ်သည့်အတွက် ဈေးရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုနေရသူများအတွက် အခက်ခဲကြုံတွေ့နေရတာဖြစ်ကြောင်း ပျံကျဈေးသည်များထံမှ သိရသည်။

ယခင် သီပေါမြို့နယ် ဝက်ဝံပျံကျဈေးမပိတ်ခင်တွင် ဈေးသည်တဦးလျှင် တရက် ပျှမ်းမျှဝင်ငွေ (၁၅၀၀၀) ကျပ်ရှိခဲ့ရာ ယခုနောက်ပိုင်း ဈေးပိတ်ပြီးနောက် တရက်လျှင် ဝင်ငွေ (၁၀၀၀၀) အောက် ကိုသာ ရရှိနေကြသည်။

“ခုက ကြုံတဲ့နေရာမှာပဲရောင်းတယ်၊ အရင်က ဝက်ဝံဈေးမှာရောင်းတာ၊ အဲဒီနေရာမှာတုန်းက ဖောက်သည်တွေ ရှိပြီးသားဆိုတော့ ရောင်းရတာ အဆင်ပြေတယ်၊ ခုက အဲ့လိုဖောက်သည်တွေ မရှိတော့ဘူး၊ ဈေးလည်း မရောင်းကောင်းတော့ဘူး။ တရက်ကို ကျပ်တသောင်းအောက်ပဲရတယ်” ဟု ပျံကျဈေးရောင်းနေသူ သီပေါဒေသခံ နန်းဆိုင်လင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သီပေါမြို့နယ်တွင် သီပေါမြို့မဈေး၊ ဝက်ဝံပျံကျဈေးနှင့် နမ့်လန်မြို့မဈေးတို့ရှိပြီး ကိုဗစ်ကူးစက်မှု ပြန်လည်မြင့်တက်လာခဲ့သည့် ဇူလိုင်လအတွင်း အဆိုပါဈေးများကို ပြန်လည်ပိတ်ထားခဲ့တာဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိတွင် ပျံကျဈေးသည်တို့သည် သီပေါဘုရားကြီးကျောင်းရှေ့ကွင်းပြင်နှင့် အခြားနေရာတို့တွင် ရောင်းချနေရကြောင်း၊ ထိုနေရာတို့တွင် အခက်ခဲဖြစ်နေသည့်အတွက် ဈေးကို အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ပေးရန်မျှော်လင့်ကြောင်း ပျံကျဈေးသည်တစ်ဦးက ပြောသည်။

“ဖြစ်နိုင်ရင်တော့ ဈေးကို အမြန်ဆုံး ပြန်ဖွင့်ပေးစေချင်တယ်၊ တစ်ချို့က ဈေးရောင်းပြီး မိသားစုကို ရှာကျွေးနေတာ၊ ခုက ဈေးမရောင်းရတော့ စားဝတ်နေရေးအတွက် အရမ်းကို ခက်ခဲသွားတယ်” ဟု ဘုရားကြီးပျံကျဈေးနေရာတွင် ရောင်းချနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

Stay at home အဖြစ် သတ်မှတ်ခံထားရသည့် သီပေါမြို့နယ်အတွင်းရှိ ဈေးများကို ယနေ့ (အောက်တိုဘာ ၆ ရက်) မှစပြီး အကန့်အသတ်မရှိ ယာယီ ဆက်လက်ပိတ်ထားခဲ့တာဖြစ်ကြောင်း သိရသည်။

May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...