ပန်လင်ကျေးရွာဒေသခံ (၆) ဦးကို တပ်ပေါင်းစု ဖမ်းဆီးခေါ်ဆောင်သွား

ပန်လင်ကျေးရွာဒေသခံ (၆) ဦးကို တပ်ပေါင်းစု ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်လင်ကျေးရွာအုပ်စု ပန်လင်ကျေးရွာ ဒေသခံ (၆) ဦးကို တပ်ပေါင်းစု (TNLA ,SSPP/SSA) တို့က အောက်တိုဘာ ၂ ရက်တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရသည်။

ထိုဖမ်းဆီးခံရသူများသည် ပန်လင်ကျေးရွာ (၆) ဦးသည် ယခင်က သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် သူများဖြစ်ကြောင်း လက်ရှိမှာ လက်ဖက်ခူးသည့်လုပ်ငန်းကို လုပ်ကိုင်သည့်သူများဖြစ်ကြောင်း ပန်လင်းကျေးရွာမှ အသက် (၄၀) ကျော်ရှိ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“သူတို့ (၆) ယောက်ကို ဖမ်းဆီးသွားတာ။ သျှမ်းလူမျိုးပါ။ အရင်ကတော့ RCSS မှ တပ်ထွက်လာသူတွေ။ အခုတော့ သူတို့ လက်ဖက်လုပ်ငန်းလုပ်ကြတယ်” ဟု ဒေသခံအမျိုးသားက ပြောသည်။

တပ်ပေါင်းစုမှ ဖမ်းဆီးသွားသည့် (၆) ဦးတွင် အမျိုးသမီး (၂) ဦးနှင့် အမျိုးသား (၄) ဦးပါဝင်ပြီး၊ ထိုသူများသည် RCSS/SSA တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူများဖြစ်သဖြင့် RCSS/SSA ကို သတင်းပေးဖြစ်မှာ စိုးရိမ်သဖြင့် ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံ အမျိုးသား က ပြောသည်။

“RCSS ကို သတင်းပေးမှာကို စိုးရိမ်တာကြောင့်လာခေါ်သွားတယ်။ အခုက သူတို့က ဒီရွာပဲ အေးဆေးနေကြပါတယ်။ သူတို့ (တပ်ပေါင်းစု) ဘက်က စိုးရိမ်လို့ပဲ ခေါ်သွားဖြစ်နိုင်တယ်” ဟု ၎င်းကဆိုသည်။

ပြည်သူများကို ဖမ်းဆီးခေါ်ဆောင်ရာတွင် စစ်တပ်ဖွဲ့ဝင်များကိုသာ ဖမ်းဆီးကြောင်း၊ သာမန်ပြည်သူများကို ဖမ်းဆီးသည့် ပေါ်လစီမရှိကြောင်း တအာင်း (ပလောင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် ပြောခွင့်ရ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့က သာမန်ပြည်သူတွေကို ဖမ်းဆီးတာမျိုးမရှိဘူး။ စစ်တပ်ဖွဲ့ဝင်တဲ့သူတွေဆိုရင်တော့ ခေါ်ဆောင်ထားတာရှိတယ်။ သာမန်ရှာစားနေတဲ့သူတွေကို ဖမ်းတာမရှိဘူး” ဟု (TNLA) ပြောခွင့်ရ မိုင်းအိုက်ကျော်က ပြောသည်။

ပန်လင်ကျေးရွာဒေသခံများသည် တပ်ပေါင်းစုအတွက် နေ့စဉ်ထမင်း၊ ဟင်းချက်ပြီး ပို့ဆောင်နေရကြောင်း သိရသည်။

ထိုသို့ ထမင်း၊ ဟင်းပို့ဆောင်ပေးနေသည့် ပြည်သူ (၂) ဦး ပစ်ခတ်ခံခဲ့ရဖူးကြောင်း သိရသည်။

May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...