မိုင်းကိုင်မြို့နယ်အတွင်း လက်နက်ကြီးသံ ဆက်ကြားနေရ၊ စစ်ရှောင် နေရပ်မပြန်နိုင်သေး

မိုင်းကိုင်မြို့နယ်အတွင်း လက်နက်ကြီးသံ ဆက်ကြားနေရ၊ စစ်ရှောင် နေရပ်မပြန်နိုင်သေး

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်းတွင် အောက်တိုဘာ ၄ ရက် မနက်ပိုင်းမှစတင်ကာ လက်နက်ကြီးသံများ ဆက်ကြားနေရသဖြင့် စစ်ရှောင် (၃၀၀၀) ကျော် နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။

မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာတွင် အောက်တိုဘာ ၄ ရက် မနက်ပိုင်းမှစတင်ကာ နေ့လယ်ပိုင်းထိ လက်နက်ကြီးသံများ ဆက်လက်ကြားနေရသေးကြောင်း ကုန်းစုံဘုန်းကြီးကျောင်း ရောက်ရှိနေသည့် စစ်ရှောင်တစ်ဦးထံမှ စုံစမ်းသိရှိရသည်။

“အခုထက်ထိ ကုန်းစုံဘုန်းကြီးကျောင်းကနေ လက်နက်ကြီးသံတွေကြားနေရတယ်။ လက်နက်သံတွေ ဆက်တိုက်ကြားနေရတဲ့အတွက် နေရပ်မပြန်နိုင်သေးဘူး ” ဟု ကုန်းစုံဘုန်းကြီးကျောင်းက စစ်ရှောင်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စုမှာ စစ်ရှောင် (၂၂၃၃) ဦးနှင့် ဟမ်းငိုင်းကျေးရွာအုပ်စု (၉၀၀) ကျော်နှင့် လွယ်လိုင်ဘုန်းကြီးကျောင်း (၃၀) ကျော်ရှိထားကြောင်း စုံစမ်းသိရှိရသည်။

“စစ်ရှောင်တွေက မပြန်ရဲသေးဘူး။ ၂ ဖက်တပ် စစ်ရေးတင်းမာမှုတွေ ရှိနေတယ်လို့ပြောတယ်။ စစ်ရှောင်တွေလည်း နေ့တိုင်းနီးပါး ရောက်လာတာတွေရှိတယ်” ဟု စစ်ရှောင်ကူညီပေးသည့် ကော်မတီဝင်တစ်ဦးက ပြောသည်။

စက်တင်ဘာ (၁၄) ရက်နေ့ကစတင်ပြီး မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာအုပ်စုအတွင်း သျှမ်းတပ် (၂) တပ် တိုက်ပွဲပြင်းထန်သဖြင့် ဒေသခံများ နေရပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိချိန်ထိ မပြန်နိုင်သေးကြောင်း သိရှိရသည်။

သျှမ်းတောင် မိုင်းကိုင်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲကိစ္စနှင့်ပတ်သက်ပြီး သျှမ်းတပ် (၂) တပ် အချင်းချင်း ညှိနှိုင်းဆွေးနွေးရန် အဆင်မပြေသည့်အကြောင်း၊ တဖက်ကိုတဖက် အပြန်အလှန် လက်မခံသဖြင့် တွေ့ဆုံရန်မဖြစ်နိုင်ကြောင်း ထုတ်ပြန်စာထုတ်ကြသည်။

စစ်ရေးပဋိပက္ခများ ဖြေရှင်းရန် မိမိတို့က ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ ဥက္ကဌဖြစ်သည့် ဗိုလ်ချုပ်ကြီး ပန်ဖထံသို့ စားရေးသားညှိနှိုင်းခဲ့သော်လည်း (SSPP/SSA) ဘက်မှ အကြောင်းပြန်ကြားခြင်းမရှိခဲ့ဘဲ တိုက်ပွဲများ တနေ့တခြား ပိုမိုပြင်းထန်လာကာ နှစ်ဖက်တပ်ဖွဲ့ဝင်များ ဒဏ်ရာရကျဆုံးနေရသည့်အပေါ် အထူးဝမ်းနည်းကြေကွဲမိကြောင်း RCSS/SSA က အောက်တိုဘာ (၁) ရက်နေ့က ထုတ်ပြန်ခဲ့သည်။

“၂ ဖက်တပ် တွေ့ဆုံညှိနှိုင်းဆွေးနွေးရင် အကောင်းဆုံးပဲ။ကျနော်တို့ သျှမ်းပြည်သား အချင်းချင်း ပြန်တိုက်တာက ကျနော်တို့တောင် ရှုံးနေပြီ။ တစ်ဖက်ကလည်း ပြည်သူတွေက ဘယ်သူူ့ကို သွားအားကိုးမလဲ” RCSS ၏ ပြောရေးဆိုခွင့်ရှိသူ စိုင်းခမ်းစံက ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဆက်လက်ပြီး SSPP/SSA ဘက်မှလည်း ဗိုလ်ချုပ် စဝ်ပန်ဖထံသို့ RCSS မှ ပေးပို့သော စာအား SSPP/SSA မှ ပြန်လည်အကြောင်းကြားခြင်းမရှိဟုဆိုသည်မှာ လုံးဝမမှန်ကန်ကြောင်း SSPP/SSA မှ အောက်တိုဘာ (၃) ရက်တွင် ထုတ်ပြန်ခဲ့သည်။

RCSS/SSA နှင့် SSPP/SSA ဖြစ်ပွားနေသည့် ပဋိပက္ခများကို ငြိမ်းချမ်းစွာဖြေရှင်းရန် SSPP/SSA မှ နှစ်ပေါင်းများစွာ အဆင့်ဆင့် ညှိနှိုင်းခဲ့သော်လည်း RCSS မှ သဘောတူညီချက်များ ပျက်ကွက်ခဲ့သည်ဟုလည်း SSPP/SSA ထုတ်ပြန်ခဲ့သည်။

SSPP/SSA မှ ပြောရေးဆိုခွင့်ရှိသူများကို သျှမ်းသံတော်ဆင့်မှ အကြိမ်ကြိမ် ဆက်သွယ်ပေမယ့် မရခဲ့ပေ။

 
 

 

 

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...