ကရင်နီပြည်နယ်မှာ တိုက်ပွဲကြောင့် စစ်ဘေးရှောင်တွေ တိုးလာနေသလို စစ်ရှောင်ကြားမှာလည်း ကိုဗစ်တွေ့ရှိမှု တစ်နေ့ထက်တစ်နေ့ များလာနေပါတယ်။
လက်ရှိမှာဆိုရင် ဒီးမော့ဆို အရှေ့ဖက်ခြမ်းနဲ့ လွိုင်ကော်အရှေ့ဖက်ခြမ်း စစ်ရှောင်စခန်းတွေမှာ အဓိက တွေ့ရှိနေတာဖြစ်ပါတယ်။
"လွိုင်ကော်အရှေ့ဖက်ခြမ်းမှာဆိုရင် စစ်ရှောင်စခန်းနှစ်ခုလောက်မှာ ကိုဗစ်တွေ့ရှိနေပါတယ်။ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာဆိုရင်တော့ စစ်ရှောင်စခန်းတွေအပြင် ကျေးရွာတွေ တော်တော်များများမှာလည်း ကိုဗစ်တွေ့ရှိတာတွေရှိတယ်" လို့ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာ ကူညီဆောင်ရွက်ပေးနေတဲ့ နွေဦးဂရုလေးများ ကိုဗစ်စင်တာက တာဝန်ခံတစ်ဦးက ပြောပါတယ်။
"ဒီအရှေ့ဖက် တစ်ကြောအတော်များများကတော့ အကုန်လုံး ဖြစ်တယ်လို့ပဲ ပြောရမယ်။ ပါဒေါဒူကနေစပြီး ဒေါတမကြီး၊ ဒေါညေးခူ အဲ့ဖက်ခြမ်းအထိ ကျနော်တို့ တွေ့နေရတယ်" လို့ ပြောပါတယ်။
ကလေးရော၊ လူကြီးတွေပါ ကိုဗစ်တွေ့ရှိနေတာဖြစ်ပြီး များသောအားဖြင့် လူငယ်ပိုင်းတွေမှာ တွေ့ရှိမှုပိုများတယ်လို့ သိရပါတယ်။ ကိုဗစ်တွေ့ရှိတဲ့ လူနာတွေမှာ ပြင်းထန်လူနာ သက်ကြီးရွယ်အို တစ်ဦး၊ နှစ်ဦး လောက်ရှိပေမယ့် ကျန်လူနာတွေတော့ ခြေနေစိုးရိမ်ရတာတွေ မရှိဘူးလို့ သိရပါတယ်။
စစ်ရှောင်တွေမှာ တွေ့ရှိတဲ့ ကိုဗစ်လူနာတွေကိုတော့ သီးသန့်အဆောက်အဦး ထားရှိထားတာဖြစ်ပါတယ်။ လက်ရှိ နိုင်ငံရေးခြေနေကြောင့်လည်း ဆေးဝါးသယ်သူတဲ့နေရာတွေ၊ အောက်ဆီဂျင်ဖြည့်ရတဲ့နေရာတွေမှာ အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။
ဒီးမော့ဆို အရှေ့ဖက်ခြမ်းမှာ ကူညီဆောင်ရွက်ပေးနေတဲ့ နွေဦး ဂရုလေးများ ကိုဗစ်စင်တာက တာဝန်ခံတစ်ဦးကလည်း ဆေးဝါးလုံလောက်မှုမရှိဘူးလို့ အခုလို ပြောပါတယ်။
"လုံလောက်မှုရှိလားဆိုရင် ကျနော်တို့ မလုံလောက်သေးဘူးလို့ပဲ ပြောရမယ်။ ကျနော်တို့မှာ ရှိတဲ့ဟာနဲ့။ အစကတော့ ဒီးမော့ဆိုအရှေ့ဖက် ခြမ်းကိုပဲ ကျနော်တို့ coverဖြစ်တယ်ဆိုပြီး လုပ်ထားတာ။ ဒါပေမယ့် ကျနော်တို့မှာ ဘာဖြစ်လဲဆို ဒီးမော့ဆို အနောက်ဖက်ခြမ်းတို့ သေးဆူလဲတို့ လိုဘာခိုတို့ အဲ့ဖက်ခြမ်းတွေမှာ ကျနော်တို့ ဆေးဝါးတွေပို့ရတယ်။ အဲ့ဖက်ခြမ်းကို ရှိတဲ့ဟာမျှပို့ရတဲ့အတွက် ပြီး လူနာလည်း ထပ်တိုးလာတဲ့အတွက်။"
ဒီးမော့ဆို အရှေ့ဖက်ခြမ်းမှာဆိုရင် နွေဦးဂရုလေးများ ကိုဗစ်စင်တာမှာ ကုသနေတဲ့ ကိုဗစ်လူနာ ၁၄၅ ဦးရှိပြီး လူနာတွေကို သီးသန့်ထားရှိထားတာဖြစ်ပါတယ်။ ကျေးရွာအတွင်းတွေ့ရှိတဲ့ ကိုဗစ်လူနာတွေလည်းရှိတယ်လို့ သိရပါတယ်။
လွိုင်ကော်အရှေ့ဖက်ခြမ်းက ကိုဗစ်တွေ့ရှိတဲ့ စစ်ရှောင်စခန်းတစ်ခုမှာဆိုရင် မိသားစုအလိုက် ကိုဗစ်တွေ့တာတွေရှိပြီး ကိုဗစ်လူနာတွေအတွက် အာဟာရလိုအပ်နေတယ်လို့ စစ်ရှောင်ကူညီပေးနေတဲ့သူတစ်ဦးက ဆိုပါတယ်။
"လောလောဆယ်ကတော့ သူတို့အိမ်မှာရှိတဲ့ ကြက်တွေ ဘာတွေဖမ်းတာလည်း ကုန်ပြီဆိုတော့ ဟင်းချက်စရာတွေပဲ ပြောပြီးတော့မှ ဒီအာဟာရရှိတဲ့ အစားအစာပေါ့နော။ ကြက်ဥတွေ ဘာတွေလည်း မရှိဘူး။သူတို့အတွက် အရမ်းလိုအပ်တယ်ပေါ့နော။ အဓိက ကိုဗစ်လူနာတစ်ယောက်က အဓိက အားရှိဖို့ လိုတယ်ပေါ့နော။ ခုခံအားမရှိရင် အဆင်မပြေတော့ ဒီအတွက် အများကြီးလိုအပ်တယ်ပေါနော။ ဒီလူတွေအတွက်ကတော့ လောလောဆယ်ကတော့ ဘားမရှိဘူး။ သူတို့ ဖြစ်သလိုပဲ ရက်တိုင်း ချက်စားနေကြတယ်ပေါ့နော။ တကယ်လို့ လှူမယ့်လူရှိရင်တော့ အာဟာရရှိတဲ့ အစားစာတွေ ဘာတွေ လာပြီးတော့ လှူပေးဖို့လည်း တပါတည်းတောင်းဆိုချင်တယ်ပေါ့နော။"
လွိုင်ကော်အရှေ့ဖက်ခြမ်းက စစ်ရှောင်စခန်းတစ်ခုမှာလည်း စက်တင်ဘာ(၂၈) ရက်ကစပြီး ကိုဗစ်တွေ့ရှိခဲ့ပြီး အောက်တိုဘာ ၃ ရက်နေ့အထိ ကိုဗစ်လူနာ ၁၀၀ ဦးထိ တွေ့ရှိနေပြီလို့ သိရပါတယ်။







