မောင်တောမြောက်ပိုင်းရှိ ကျေးရွာ ၄ဝ ခန့် လူသုံးကုန်ပစ္စည်းအချို့ သယ်ယူခွင့် ကန့်သတ်ခံနေရ၍ ဒေသခံများ အခက်ကြုံ

မောင်တောမြောက်ပိုင်းရှိ ကျေးရွာ ၄ဝ ခန့် လူသုံးကုန်ပစ္စည်းအချို့ သယ်ယူခွင့် ကန့်သတ်ခံနေရ၍ ဒေသခံများ အခက်ကြုံ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ် (ကျီးကန်းပြင်) အပိုင်နယ်မြေရှိ ကျေးရွာပေါင်း ၄ဝ ခန့်တွင် လူသုံးကုန်ပစ္စည်းအချို့ သယ်ယူခွင့် ကန့်သတ်ခံနေရသည့်အတွက် ဒေသခံများအခက်ကြုံနေရသည်ဟု သတင်းရရှိသည်။

ကန့်သတ်ခံနေရသည့် ပစ္စည်းများမှာ ကော်ဖီမစ်ထုပ်၊ စီးကရက်၊ အရက်ပုလင်း၊ ဘီယာ၊ မြေဆီနှင့် အဝတ်အထည်တို့ဖြစ်ပြီး ပြီးခဲ့သည့် ၁ လခန့်မှစတင်ကာ ကန့်သတ်ခံနေရခြင်းဖြစ်သည်ဟု ဒေသခံကုန်သည်များက နိရဥ္စရာအား ပြောသည်။

မောင်တောမြို့နယ်မြောက်ပိုင်း သစ်တုံးနားခွဆုံကျေးရွာမှ ကုန်စုံဆိုင်သည်တစ်ဦးဖြစ်သူ ဦးစောထွန်းက “ကျွန်တော်တို့ဒေသက ကျဉ်းကျပ်တယ်လေ။ အခက်အခဲတွေနဲ့နေရတဲ့အတွက် လွတ်လွတ်လပ်လပ်သွားလာရောင်းချနိုင်မှ အဆင်ပြေပါမယ်။ ကျွန်တော်တို့နေရာတွေမှာက စျေးရှိတာမဟုတ်တော့ ကျွန်တော်တို့ ဆိုင်တွေကပဲ တခြားရွာတွေက လာဝယ်ကြတာ” ဟု ပြောသည်။

သယ်ယူခွင့်ကန့်သတ်ခံနေရသည့်ကျေးရွာများမှာ မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကြိမ်ချောင်း၊ သစ်တုံးနားခွဆုံ၊ တောင်ပြိုနှင့့် နံ့သာတောင်ကျေးရွာအပါအဝင် ရွာပေါင်း ၄ဝ ခန့်ဖြစ်သည်ဟု သိရသည်။

အဝတ်အထည်များဆိုပါက ပုဆိုး ၁ဝ ထည်ခန့်ထက်ပိုပါက သယ်ယူခွင့်မရှိဟုလည်း ဆိုကြသည်။

ကော်ဖီမစ်ထုပ်များနှင့် အခြားလူသုံးကုန်ပစ္စည်းများအား ကန့်သတ်နေခြင်းမှာ တစ်ဘက်ဘင်္ဂလားဒေရှ့်နိုင်ငံသို့ တင်ပို့ရန်နှင့် ရက္ခိုင့်တပ်တော် (AA) အားထောက်ပံ့မည်ကို သံသယဖြင့် တားဆီးခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ဆိုသည်။

မောင်တောမြို့မှ သုံးဘီးဆိုင်ကယ်သမားတစ်ဦးက “အရင်ကလည်းနည်းနည်းတော့ ကန့်သတ်ပေမဲ့ အခုလပိုင်းက ပိုဆိုးလာတာပါ။ ကျွန်တော်ကိုယ်တိုင်ကြုံဖူးတာပါ။ ပစ္စည်းတချို့ကို စစ်ဆေးရေးဂိတ်တွေမှာထားခဲ့ရတယ်” ဟုပြောသည်။

အဆိုပါစစ်ဆေးရေးဂိတ်များက ထိန်းသိမ်းခဲ့သည့်ပစ္စည်းများအား ပြန်ပေးသော်လည်း ဒေသတွင်းဖြတ်သန်းခွင့်မရသဖြင့် မောင်တောမြို့မှ မူလ ဝယ်ယူလာသည့်ဆိုင်များတွင် ပြန်သွင်းခဲ့ရကြောင်း ကုန်သည်များက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မောင်တောမြို့ နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ် (ကျီးကန်းပြင်) မှ တာဝန်ကျအရာရှိတစ်ဦးဖြစ်သူ ရဲမှူးဝင်းဌေးက “ဟိုဘက်ကမ်း ဘင်္ဂလားဒေရှ့်နိုင်ငံကို ခိုးရောင်းတဲ့ ခိုးထုတ်တဲ့ဟာတွေကို တားတာပါ။  အဓိက သူတို့ခိုးထုတ်တာက ကော်ဖီမစ်ထုပ်တို့၊ ဆေးလိပ်တို့၊ အဝတ်အထည်တို့က အများဆုံးဖမ်းဆီးရမိတယ်ဆို။ အဲဒါတွေပဲလေ” ဟု ပြောသည်။

ယခုကန့်သတ်ခံနေကြရသည့်ကျေးရွာများမှာ တစ်ရွာနှင့်တစ်ရွာ အလှမ်းဝေးပြီး သွားလာရခက်ခဲသည့် ကျေးရွာများဖြစ်သည့်အတွက် လူသုံးကုန်ပစ္စည်းများဝယ်ယူရာတွင် အလွန်တရာအခက်အခဲဖြစ်ရကြောင်း ဒေသခံများနှင့် ကုန်သည်များက ပြောသည်။

June 9, 2026
မောင်စာဂ — ရခိုင်ပြည်၊ ပေါက်တောမြို့နယ်မှ ကဏန်းရောင်းရန်သွားသည့် စစ်ဘေးရှောင်အမျိုးသားငါးဦးသည်...
June 8, 2026
နှင်းနွယ်နီ — လုံခြုံရေးအခြေအနေကြောင့် ရေလုပ်သားများအားငါးဖမ်းခွင့်ကိုပိတ်ပင်ထားရာမှ...
ရခိုင်ဒေသအတွင်း အထက်တန်းကျောင်းသူ၊ ကျောင်းသားအချို့ စာသင်နေကြစဉ်။
June 6, 2026
မောင်စာဂ၊ နိရဉ္စရာ  — အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အာရက္ခအမျိုးသားပညာရေးဌာန(ဗဟို)...
June 5, 2026
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နှင့် ရခိုင်ရိုးမအစပ်ရှိ ကြောင်လျှာရွာအနီးရှိ အာဏာသိမ်းစစ်တပ်၏...