ယခင်အစိုးရလက်ထက်က ဖမ်းဆီးထားသည့် ရာဇဝတ်အချုပ်သားများ ပြန်လွှတ်ပေး

ယခင်အစိုးရလက်ထက်က ဖမ်းဆီးထားသည့် ရာဇဝတ်အချုပ်သားများ ပြန်လွှတ်ပေး

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီအစိုးရလက်ထက်က တရားရင်ဆိုင်နေရသည့် အချုပ်သား ၂၀ဝ ဝန်းကျင်ကို အမှုပိတ်သိမ်း၍ အောက်တိုဘာ ၁ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်မှ လွှတ်ပေးခဲ့ကြောင်း ရှေ့နေအသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။

“အတိအကျတော့ မဟုတ်ဘူးပေါ့နော်။ တစ်နေကုန်လွှတ်နေတာ ခန့်မှန်းခြေ ၂၀ဝ လောက်တော့ရှိတယ်” ဟု အင်းစိန်အကျဉ်းထောင်သို့ ရောက်ရှိနေသည့် တရားလွှတ်တော်ရှေ့နေတစ်ဦးက အတည်ပြုပြောသည်။

ပြီးခဲ့သည့် သြဂုတ် ၁၁ ရက်က COVID-19 ကပ်ရောဂါကို ထိန်းချုပ်ရန်နှင့် ကာကွယ်ကုသရန်ဟုဆိုကာ ယခင် NLD အစိုးရလက်ထက်က တရားဆွဲဆိုထားသည့် အမှုများကို ပိတ်သိမ်းရန် စစ်ကောင်စီက ကြေညာခဲ့သည်။

အမှုရုတ်သိမ်းရာတွင် ဖေဖော်ဝါရီ ၁ ရက် နှင့် အဆိုပါနေ့မတိုင်မှီက ပြစ်မှုတစ်ခုခုကြောင့် တရားစွဲဆိုခံထားရသည့် အမှုများကိုသာ ပိတ်သိမ်းပြီး ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း ဖမ်းဆီးတရားစွဲဆိုခံထားရသူများ မပါဝင်ကြောင်း စစ်ကောင်စီ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမှုများ ပိတ်သိမ်းခွင့်မရသဖြင့် အမှုဆက်လက်ရင်ဆိုင်ကြရမည့်သူများလည်း ကျန်ရှိနေသေးသည်ဟု သိရသည်။

တရားစွဲအဖွဲ့ (ရဲတပ်ဖွဲ့မှ) ကန့်ကွက်မှုမရှိသည့် ရာဇဝတ်မှုများ၊ နစ်နာသူတရားလိုမှ မကျေနပ်ကြောင်း စက်တင်ဘာ ၃၀ ရက်နေ့အထိ ကန့်ကွက်လျှောက်ထားမှုမရှိသည့် အမှုများအား ယခုကဲ့သို့ ပိတ်သိမ်းခဲ့ရာမှ စွပ်စွဲခံရသူများကို တရားသူကြီးရှေ့တွင် လွှတ်ပေးခဲ့ခြင်းလည်း ဖြစ်သည်။

ထိုကဲ့သို့လွှတ်ပေးလိုက်သည့် အချုပ်သား အယောက် ၂၀ဝ ဝန်းကျင်ရှိသည်။

အမှုရုတ်သိမ်းကာ အချုပ်သားများ ပြန်လည်လွှတ်ပေးသည့်ကိစ္စအပေါ် အင်းစိန်အကျဉ်းထောင်မှ ညွှန်ကြားရေးမှူး ဦးမျိုးဦးထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။

 
 

 

 

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...