လောင်စာဆီဈေးမြင့်တက်မှုကြောင့် ပြည်သူများအခက်ကြုံ

လောင်စာဆီဈေးမြင့်တက်မှုကြောင့် ပြည်သူများအခက်ကြုံ

စစ်ကောင်စီက နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက် ကုန်ဈေးနှုန်းနှင့်အတူ လောင်စာဆီဈေးနှုန်း တစ်ဟုန်ထိုးမြင့်တက်လာခဲ့မှုကြောင့် ပြည်သူများ အခက်ကြုံနေရကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည်အတွင်း တစ်ချို့မြို့နယ်များရှိ ပန့်ဆီဆိုင်ပိုင်ရှင်များသည် အရင်းမရဘဲ အရှုံးပေါ်နေသဖြင့် ဆိုင်ကို ယာယီပိတ်သိမ်းထားရသည်အထိ အခက်ခဲကြုံနေရကြောင်း ဒေသခံများထံမှ သိရသည်။

“အဓိကတော့ ဈေးတွေ အရမ်းတက်သွားလို့ပေါ့၊ ဘယ်လိုဖြစ်နေလဲဆိုရင် ဒီနေ့ရောင်းရတဲ့ငွေက မနက်ဖြန်အတွက် အရင်းတောင်ပြန်မရဘူး၊ အဲ့တော့ ပန့်ဆီဆိုင်ရော၊ စက်ရုံရော ပိတ်ထားလိုက်ရပြီ၊ အရင်က လုပ်သား (၁၀၀) ကျော်လောက်ရှိထားတာ၊ ခုက လုပ်ငန်းလည်ပတ်နိုင်ရုံလေးပဲ ရှိတော့တယ်” ဟု သီပေါမှ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သီပေါ၊ လားရှိုးနှင့် နောင်ချို့မြို့အပြင် အခြားမြို့နယ်များတွင်လည်း စက်သုံးဆီဆိုင်တစ်ချို့ ဆီပြတ်လပ်မှုကြောင့် ယာယီပိတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် စားသောက်ကုန်များ ဈေးတက်နေသည့်အပြင် လောင်စာဆီများပါ ဈေးတက်လာသဖြင့် စားဝတ်နေရေးအတွက် အခက်ခဲကြုံတွေ့နေရကြောင်း မိုင်းရှူးဒေသခံ အမျိုးသမီးက ပြောသည်။

“ကျမတို့က လယ်ယာပဲလုပ်တာ၊ လယ်ယာကလည်း နီးနီးလေးမဟုတ်ဘူး၊ အများစုက ဆိုင်ကယ်နဲ့ပဲ လယ်ယာသွားကြတာ၊ ခုက ဓါတ်ဆီဈေးတွေ တက်လာတော့ လယ်ယာသွားရင် လမ်းလျှောက် သွားနေရပြီ၊ တစ်ချို့ဆို စားသောက်ဖို့တောင် ခက်ခဲနေကြပြီ” ဟု မိုင်းရှူးမြို့နယ်မှ နန်းလှငွေက ဆိုသည်။

အဆိုပါ လောင်စာဆီဈေးနှုန်း မြင့်တက်လာမှုကြောင့် စိုက်ပျိုးရေးလုပ်ကိုင်နေသူများအတွက်ပါ အခက်ခဲ ကြုံနေရကြောင်း လားရှိုးမြို့မှ စိုက်ပျိုးရေးလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

“ခြံထဲရေလောင်းတာ အရင်က ဓါတ်ဆီဖိုး (၂၀၀၀) လောက်ပဲကုန်တာ၊ ခုက (၄၀၀၀) လောက်ကို ကုန်နေရပြီ၊ ပိုက်ဆံက အများကြီးပေးရပြီး ပြန်ရတဲ့ကုန်ပစ္စည်းက နည်းနည်းပဲ၊ မဝယ်သုံးလို့ကလည်း မရဘူး၊ ဓါတ်ဆီက ရှိထားမှဖြစ်မှာ” ဟု လားရှိုးမြို့မှ ခြံစိုက်တောင်သူ စိုင်းခွန်က ပြောသည်။

သျှမ်းမြောက် ကျောက်မဲမြို့နယ်အတွင်းရှိ ဓါတ်ဆီဆိုင်များမှာ ယနေ့ (စက်တင်ဘာလ ၃၀ ရက်) တွင် ဓါတ်ဆီ 92 တစ်လီတာ (၁၆၀၀ − ၁၈၀၀) ကျပ် ဝန်းကျင်ထိရှိနေကြောင်း သိရသည်။

လက်ရှိတွင် မြန်မာငွေကျပ်တန်ဖိုး ဆက်လက်ကျဆင်းနေပြီး ယမန်နေ့က တရုတ်ငွေ (၁၀၀) လျင် မြန်မာငွေ ကျပ် (၄၀၀၀၀)၊ US $ 1 ဒေါ်လာလျှင် မြန်မာငွေ (၂၇၀၀) ကျပ်ထိရှိခဲ့ပြီး သမိုင်းတွင် ငွေကြေးဖောင်းပွမှု အဆိုးရွားဆုံးအခြေအနေထိ ဖြစ်နေကြောင်း သိရှိရသည်။

May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...