ညောင်ရွှေ ကားသမားတစ်ဦးကို စစ်ကောင်စီ ပစ်သတ်

ညောင်ရွှေ ကားသမားတစ်ဦးကို စစ်ကောင်စီ ပစ်သတ်

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့မှ ကုန်ခြောက်များတင်လာသည့် ကားသမားတစ်ဦးကို စစ်ကောင်စီတို့က သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း စုံစမ်းသတင်းသိရသည်။

ဖြစ်စဉ်မှာယမန်နေ့ စက်တင်ဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် ညောင်ရွှေမြို့မှ ကုန်ခြောက်များနှင့် ပြောင်းဆန်တစ်ချို့ တင်ဆောင်လာသည့်ကားသည် စံကားကျေးရွာအနီးရှိ စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တွေ့ပြီး တားမြစ်စစ်ဆေးမှုပြုလုပ်သည်ကို ကားသမားက ကြောက်လန့်ကာ ထွက်ပြေးသဖြင့် သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း သိရသည်။

“ကားသမားက ကုန်ခြောက်နဲ့ ပြောင်းတွေတင်လာတာ၊ စံကားမြို့အနီးက ထီရီကျေးရွာမှာ စကစတွေနဲ့တွေ့ပြီး သူတို့က တားစစ်တယ်၊ ကားသမားက ကြောက်ပြီးတော့ မောင်းထွက်ပြေးတာ အဲ့ကြောင့် စကစတွေက သေနတ်နဲ့ ပစ်သတ်လိုက်တာတဲ့၊ ကျနော်တို့ကနေ သေနတ်သံ ၅ ချက်ထက်မနည်း ကြားရတယ်” ဟု ထီရီကျေးရွာနေ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါကားသမားသည် ညောင်ရွှေမြို့မှလာသည်ဟုသာ သိရပြီး ၎င်း၏ နာမည်နှင့် နေရပ်လိပ်စာများကို မသိရသေးကြောင်း၊ စစ်ကောင်စီတို့ ပစ်သတ်လိုက်သည့် ၎င်း၏ရုပ်အလောင်းကို စစ်ကောင်စီတို့က စံကားမြို့ရှိ တိုက်နယ်ဆေးရုံသို့ လာရောက်ပို့ဆောင်ကြောင်းလည်း သိရသည်။

“မနေ့က ၅ နာရီကျော်ဝန်းကျင်မှာ စံကားဆေးရုံကို သေနတ်ဒဏ်ရာတွေနဲ့ အလောင်းတစ်လောင်း ရောက်လာပါတယ်၊ ရင်ခွဲရုံကိုပို့ဖို့ ဆိုပြီးတော့ စစ်ကောင်စီတွေက ပြောတယ်၊ ဆေးရုံမှတ်တမ်းတင်ထားဖို့ ဘာကြောင့် သေဆုံးခဲ့ရလဲဆိုပြီးမေးတော့ စစ်ကောင်စီတွေက မပြောလို့ ဆေးရုံကလဲ လက်မခံဘူး” ဟု စံကားတိုက်နယ် ဆေးရုံအသိုင်းအဝိုင်းမှ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် အဆိုပါကားသမား၏ ရုပ်အလောင်းကို စစ်ကောင်စီတို့က ညောင်ရွှေပြည်သူဆေးရုံသို့ ပို့ဆောင်ထားကြောင်းလည်း သတင်းများထွက်ပေါ်နေပြီး အဆိုပါကားသမား၏ နေရပ်လိပ်စာနှင့် အမည်များကို ဆက်လက်စုံစမ်းနေလျက်ရှိသည်။

အဆိုပါ ကားသမားပစ်ခတ်ခံရသည့် စံကားကျေးရွာအနီးမှ ထီရီကျေးရွာသည် ပြီးခဲ့သည့် လအတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည့် နေရာဖြစ်ပြီး လက်ရှိအချိန်ထိ စစ်ကောင်စီတို့က ၎င်းတို့၏ အင်အားများကို ဖြန့်ကျက်နေရာယူထားကြောင်းလည်း သတင်းသိရသည်။

May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...