ပြည်မဖက်မှ စပါးဝယ်ယူမှုနည်းလာသည့်အတွက် ရခိုင်တွင် စပါးစျေးနှုန်းများ ကျဆင်းနေ

ပြည်မဖက်မှ စပါးဝယ်ယူမှုနည်းလာသည့်အတွက် ရခိုင်တွင် စပါးစျေးနှုန်းများ ကျဆင်းနေ

ပြည်မဖက်သို့ စပါးဝယ်ယူမူနည်းလာသည့်အတွက် ရခိုင်တွင် စပါးစျေးနှုန်းများ ကျဆင်းလာနေကြောင်း စပါးရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

နိုင်ငံရေးမတည်ငြိမ်မူများနှင့် ကိုဗစ်အခြေအနေများကြောင်း ပြည်မဖက်မှ စပါးစျေးကွက်၊ ဆန်စျေးကွက်များပျက်လာပြီး ဆန်ဝယ်ယူမှုနည်းသွားသည့်အတွက် စပါးစျေးနှုန်းများမှာလည်း ကျဆင်းသွားသည့်ဟု ရခိုင်စီးပွားရေးဦးဆောင်အများနှင့် သက်ဆိုင်သောကုမ္ပဏီ (REIC) ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ကြီးက ပြောသည်။

“စပါးစျေးကတော့ ဒီနေ့အချိန်ထိ အမြတ်ရဖို့အတွက် လှောင်ထားလိုက်တဲ့စပါးတွေရှိတယ်။ အဲဒီလူတွေမှာ စပါးစျေးတက်လာရင် ရောင်းဖို့အတွက်လုပ်ထားတယ်။ ဆိုတော့ တဖက်မှာ အခြေအနေအရ စစ်အုပ်ချုပ်ရေးဖြစ်သွားတယ်။ နယ်စပ်အပိုင်းတွေမှာပါ ပုံမှန်အပိုင်းတွေပါ ဆန်စျေးကွက်တွေပါ ဆန်ဝယ်ယူမယ့်သူမရှိတော့ စပါးမရောင်းရတော့ဘူး။ စပါးမရောင်းရရင် စပါးစျေးကျလာတာပေါ့။ စပါးမြတ်မှာကို စပါးလှောင်ထားတဲ့လူတွေအတွက်က စပါးစျေးကျသွားပြီးရှုံးသွားတာရှိမှာပေ့ါ” ဟု ၎င်းကဆိုသည်။

ယင်းအပြင် နယ်စပ်ဖက်သို့တင်သွင်းသည့် စျေးကွက်များမှာလည်း ပိတ်ထားရသည့်အတွက်ကြောင့် စပါးဝယ်လိုအားနည်းသွားကြောင်း ဦးခင်မောင်ကြီးက ဆက်ပြောသည်။  

ရခိုင်ပြည်နယ်အတွင်းက စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းတို့ကို ကိုဗစ်ထိန်းချုပ်ကာကွယ်ရေးအတွက် ဇူလိုင်လ ၁၅ ရက်နေ့မှ စတင်ကာ ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။

ကျောက်တော်မြို့နယ်မှ ဆန်၊စပါး ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက “ဆန်တွေက မကောင်းတဲ့ဆန်ဖြစ်ရင် ကျိုးတဲ့ဆန်ဖြစ်တယ်ဆိုရင် သုံးသိန်းရှစ်သောင်းနဲ့ ဆန်အကျိုးမပါဘူးဆိုရင် လေးသိန်းလောက်ပဲရှိတာပေါ့ အခုစျေးက။ နောက်အသွားအလာပိုင်းတွေမှာလည်း ဆီးစျေးတွေတက်လာတာလည်း ပါတာပေါ့နော်၊ ဆိုတော့ ကုန်တင်ကုန်ချတွေနဲ့ အဝယ်ပိုင်းက အားနည်းလာပါတယ်” ၎င်းကဆိုသည်။

ပေါက်တောမြို့နယ်၊ ငွေတွင်းတည်ကျေးရွာမှ လယ်သမားတစ်ဦးဖြစ်သည့် ဦးကျော်စိန်လှိုင်က “အရင်တစ်လလောက်က စျေးရခဲ့သေးတယ်။ အခုက ပြန်ပြီးတော့စျေးကျသွားတယ်။ သိရတာကတော့ ဆန်ဆွဲတာအားနည်းသွားတယ်ပေါ့။ အရင်က ပေါ်ဆန်းမွှေးက လေးသိန်းကျော်အထိရတယ်။ ဆန်ရောင်းမကောင်းတာနဲ့ ဆန်ဝယ်တဲ့လူမရှိတာကြောင့်လို့တော့ ကုန်သည်တွေဆီက သိရပါတယ်”ဟု ၎င်းကဆိုသည်။

ယခင်က ပေါ်ဆန်းမွှေး တောင်းတစ်ရာကို လေးသိန်းငါးသောင်းအထိလည်းကောင်း၊ ကောက်ငယ်စပါး တောင်းတစ်ရာကို နှစ်သိန်းရှစ်သောင်းအထိ စျေးရရှိခဲ့သော်လည်း လက်ရှိတွင် ပေါ်ဆန်းမွှေးစပါးက လေးသိန်းသို့လည်းကောင်း၊ ကောက်ငယ်စပါးက နှစ်သိန်းငါးသောင်းသို့လည်းကောင်း ကျဆင်းသွားခြင်းဖြစ်သည်။

ယခုနှစ်တွင် ဓာတ်မြေသြဇာစျေးများ အဆမတန်မြင့်တက်ခဲ့ပြီး မြေဆီတစ်အိတ်လျှင် ခုနှစ်သောင်းကျပ်အထိ စျေးမြင့်တက်ခဲ့သည်။

ယင်းကြောင့် လယ်သမားများစပါးစိုက်ပျိုးရာ၌ မြေသြဇာကိုလုံလောက်စွာမသုံးနိုင်ခဲ့ကြဘဲ စပါးအထွက်နှုန်းကျဆင်းနိုင်ကြောင်း လယ်သမားများက မှန်းဆထားကြသည်။

မြောက်ဦးမြို့နယ်၊ ဥက္ကံကျေးရွာမှ လယ်သမားတစ်ဦးဖြစ်သည့် ဦးပန်းလှအောင်က "လယ်ကရတဲ့စပါးနဲ့ မြေဆီစရိတ်နဲ့ ကာမိမယ်မထင်ဘူး။ လယ်သမားတွေအရှုံးပေါ်မှာ” ဟု ပြောသည်။

မကြာမီ စပါးပေါ်ချိန်ရောက်ရှိလာတော့မည်ဖြစ်၍ စပါးစျေးများ ယခုကဲ့သို့ကျဆင်းနေမည်ကို လယ်သမားများက စိုးရိမ်နေကြသည်။

"စပါးပေါ်လာတဲ့အချိန်ထိ ခုလိုစျေးကျနေရင်တော့ ဖက်ပေါင်းစုံက ခက်ခဲမှာပေါ့။ တချို့ဆိုရင် ဒီနှစ်လယ်လုပ်မိတာကိုတောင် နောင်တရနေကြပါတယ်" ဟု မြောက်ဦးမြို့နယ်မှ တောင်သူ ဦးကျော်ကျော်က ပြောသည်။

ရခိုင်တစ်ပြည်နယ်လုံးတွင် စိုက်ပျိုးမြေဧကပေါင်း ၁၂ သိန်းခန့်ရှိပြီး တောင်သူများစစ်ဘေးရှောင်နေရခြင်း၊ စိုက်ပျိုးရေးစရိတ်ကြီးမားခြင်းတို့ကြောင့် ယခု ၂၀၂၁ ခုနှစ်တွင် လယ်ဧက ၈၅၀၀၀ ခန့်ကိုသာ စိုက်ပျိုးနိုင်ခဲ့သည်ဟု ရခိုင်ပြည်နယ် တောင်သူလယ်သမားသမဂ္ဂ၏ စာရင်းအရ သိရသည်။

 
 

 

 

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...