အကြမ်းဖက်အမှုမှပြန်လွတ်လာသည့် ကျောက်တော်ဒေသခံ (၅) ဦးကို စစ်ဘေးရှောင်စခန်းများမှ လက်မခံသဖြင့် စားဝတ်နေရေးအခက်အခဲဖြစ်နေ

အကြမ်းဖက်အမှုမှပြန်လွတ်လာသည့် ကျောက်တော်ဒေသခံ (၅) ဦးကို စစ်ဘေးရှောင်စခန်းများမှ လက်မခံသဖြင့် စားဝတ်နေရေးအခက်အခဲဖြစ်နေ

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံရပြီးနောက် ပြန်လွတ်လာသည့် ကျောက်တော်မြို့နယ်၊ မာလာကျေးရွာသား (၅) ဦးကို ၄င်းတို့နေထိုင်ခဲ့သည့် စစ်ဘေးရှောင်စခန်းမှ ပြန်လက်မခံသဖြင့် လက်ရှိတွင် စားဝတ်နေရေးအခက်အခဲရှိဖြစ်နေကြောင်း ကာယကံရှင်များက DMG သို့ပြောသည်။

ပြန်လွတ်လာသူ (၅) ဦးမှာ မာလာကျေးရွာမှ ကိုမောင်စံသိန်း၊ ဦးမြကျော်၊ ဒေါ်မချေ၊ ကိုသန်းထွန်းမောင်နှင့် ၄င်းဖခင်ဖြစ်သူ ဦးမဲတုတ်ချေတို့ဖြစ်ကြောင်း သိရသည်။

၄င်းတို့ (၅) ဦးမှာ ယခုစက်တင်ဘာလ (၁၄) ရက်နေ့က လွတ်မြောက်လာခြင်းဖြစ်ပြီး မိသားစုဝင်များရှိရာ စစ်ဘေးရှောင်စခန်းများသို့သွားရောက်ခဲ့ရာ မြို့နယ်အတွင်းရေးမှူး ဒေါက်တာထွန်းအေးက စစ်ဘေးရှောင်များကို လက်မခံတော့ကြောင်းပြောဆို၍ ပြန်လွှတ်လိုက်သည်ဟု လွတ်မြောက်လာသူ ကိုသန်းထွန်းမောင်က DMG သို့ပြောသည်။

"ကျနော်တို့မိသားစုက မဟာကံကြီးသျှင်စစ်ရှောင်စခန်းမှာ နေကြတာ။ ကျနော်ပြန်လွတ်လာတော့ အမေကလည်း စစ်ဘေးရှောင်စခန်းတာဝန်ခံဆီမှာ ကျနော်ကိုပြန်လက်ခံဖို့သွားပြောတာပေါ့။ အဲဒါကို ဒေါက်တာထွန်းအေးက ကယ်ဆယ်ရေးမှာလည်း လူလက်မခံတော့ဘူး။ စိတ်လည်းမဝင်စားဘူး။ ကယ်ဆယ်ရေးဆိုရင် ကြားလည်းမကြားချင်တော့ဘူးဆိုပြီး ပြောလွှတ်လိုက်တယ်။ စခန်းတာဝန်ခံကလက်မခံလို့ သူ့ဆီသွားပြောတာ သူကပါ အဲ့လိုပြောလိုက်တယ်" ဟု ၄င်းကဆိုသည်။

ထို့ကြောင့် အဆိုပါရွာသား ၅ ဦးမှာ မိသားစုဝင်များရှိရာ မဟာကံကြီးသျှင်ဘုရား၊ သိမ်ပြင်ကျောင်းနှင့် ကဝိရတနာကျောင်းတို့တွင် တရားမဝင်ကပ်ခိုနေကြရပြီး စားသောက်ရာတွင်လည်း ထောက်ပံ့ကြေးမရသဖြင့် မိသားစုဝင် (၃) ဦးစာကို မိသားစု ၅ ဦး ဝေမျှကာ စားသောက်နေရသည်ဟု သိရသည်။

ယင်းပြင် ပြန်လည်လွတ်မြောက်လာသူ (၅) ဦးမှ ကိုသန်းထွန်းမောင်မှာ ဖမ်းဆီးခံခဲ့ရသည့်နေ့က ညာဖက်ဂျိုင်းအောက်တွင် ကျည်တစ်ချက်ထိမှန်ခဲ့ပြီး ယင်းဒဏ်ရာကြောင့် နေမကောင်းဖြစ်နေသဖြင့် ဆေးကုသမှုခံယူရန် လိုအပ်နေကြောင်း သိရသည်။

"အချုပ်ထဲမှာနေတုန်းကတော့ မိသားစုတွေဝိုင်းဝန်းပြီးတော့ ဆေးခန်းပြပေးကြတယ်။ ဆေးခန်းတစ်ခါပြရင် လေးသောင်းလောက်ကုန်တယ်။ အခုတော့ အချုပ်ကလွတ်လာပြီးကတည်းက တခါမှမပြရသေးဘူး။ မိသားစုတွေကလည်း အရမ်းကိုကျပ်တည်းနေကြတယ်။ အလုပ်ထွက်လုပ်ဖို့ကလည်း ဒဏ်ရာကြောင့် တကိုယ်လုံးနာနေတော့ ဘာမှမလုပ်နိုင်ဘူး။ ဒီကြားထဲ စစ်ဘေးရှောင်စခန်းက စားနပ်ရိက္ခာတွေ ထောက်ပံ့တဲ့စာရင်းမှာလည်း ကျနော်တို့နာမည်တွေမပါတော့ အရမ်းကိုအခက်အခဲဖြစ်နေပါတယ်" ဟု ကိုသန်းထွန်းမောင်က ဆက်ပြောသည်။

၄င်းတို့ ၅ ဦးကို စစ်ဘေးရှောင်စခန်းမှလက်မခံဟုပြောဆိုခြင်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိရရန် မဟာကံကြီးသျှင် စစ်ရှောင်စခန်းတာဝန်ခံ ဦးကျော်ငြိမ်းအားဆက်သွယ်ခဲ့ရာ စစ်ကောင်စီမှ လူသစ်များကိုလက်မခံရန် ညွှန်ကြားထားသလို မြို့နယ်ကော်မတီ၏အစည်းအဝေးဆုံးဖြတ်ချက်အရ ကန့်သတ်ထားသဖြင့် လက်ခံ၍မရခြင်းဖြစ်ကြောင်း ပြောသည်။

"ကျနော်တို့မှာ ကောင်စီကို လူစာရင်းပေးလိုက်ကတည်းက လူသစ်ဆို လက်မခံတော့ဘူး။ အစိုးရအဖွဲ့ကလည်း အရင်လူအတိုင်းပဲလက်ခံတယ်။ သူတို့တွေအနေနဲ့ မိသားစုတွေဆီမှာ ကပ်ခိုပီးနေလို့တော့ရတယ်။ တရားဝင်တော့မဟုတ်ဘူးပေါ့။ ထောက်ပံ့ရင်လည်း သူတို့အတွက်မပါဘူး။ ဒါပေမဲ့ ပိုလျှံတာတွေရှိရင်တော့ ကျနော်အနေနဲ့ ကူညီပေးသွားမှာပါ။ အခုလည်း သူတို့တွေကို စခန်းမှာပြန်လက်ခံပေးဖို့ကို ကောင်စီထံမှာတင်ပြဖို့လုပ်ထားတယ်။ အဲဒီအခြေအနေကိုစောင့်ကြည့်ရမှာပေါ့" ဟု ဦးကျော်ငြိမ်းက ဆိုသည်။

မာလာကျေးရွာသားများမှာ ပြီးခဲ့သည့် ၂ဝ၂၀ ခုနှစ်၊ မတ်လအတွင်းက ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားမှုများကြောင့် အိုးအိမ်စွန့်ခွာကာ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်လာကြရခြင်းဖြစ်သည်။

ယင်းနောက် ကျောက်တော်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြစဉ် စားဝတ်နေရေးကျပ်တည်းမှုကြောင့် ၄င်းတို့ ၅ ဦးမှာ မတ်လ ၂၀ ရက်နေ့တွင် ရွာ၌ကျန်ရှိခဲ့သည့် ပစ္စည်းများအား သွားရောက်ယူဆောင်ကြရာ တပ်မတော်စစ်ကြောင်းနဲ့ ထိပ်တိုက်တွေ့ပြီး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ယင်းနောက် ၄င်းတို့ ၅ ဦးမှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)/၅၂(က) ဖြင့် တရားစွဲဆိုခံခဲ့ရပြီး မြောက်ဦးခရိုင်တရားရုံးတွင် (၁) နှစ်နှင့် ၇ လကျော် အမှုရင်ဆိုင်နေခဲ့ရပြီးနောက် လွတ်မြောက်လာခြင်းဖြစ်သည်။

Most read this week

ဓာတ်ပုံ - ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးများကို တွေ့ရစဉ် / DMG - ပုံဟောင်း
August 22, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေ ၅ သိန်းကျော်...
APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...