သိန္နီစစ်သား လူငယ်တစ်ဦးကို အကြောင်းမဲ့ စစ်ဖိနပ်ဖြင့်ကန်၊ ရိုက်နှက်

သိန္နီစစ်သား လူငယ်တစ်ဦးကို အကြောင်းမဲ့ စစ်ဖိနပ်ဖြင့်ကန်၊ ရိုက်နှက်

သျှမ်းပြည် မြောက်ပိုင်း သိန္နီမြို့ စီးပွားရေးဘဏ်စောင့် စစ်သားမှ ယမန်နေ့ (စက်တင်ဘာ ၂၈) ရက် မနက်ပိုင်းတွင် လူငယ်တစ်ဦးကို အကြောင်းမဲ့ စစ်ဖိနပ်ဖြင့်ကန်ပြီး အကြိမ်ကြိမ်ရိုက်နှက်မှု ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။

သိန္နီမြို့ စီးပွားရေးဘဏ်စောင့် အရက်မူးနေသည့် စစ်သား မှ ဘဏ်ရှေ့တွင် ဆံပင်ညှပ်ဆိုင်ဖွင့်ထားသည့် လူငယ်တစ်ဦး၏ဆိုင်ကို အရက်မူးပြီး ဝင်သွားကာ၊ ဆံပင်ညှပ်ဆိုင်ဖွင့်လှစ်ထားသည့် လူငယ်ကို စစ်ဖိနစ်ဖြင့်နင်းပြီး၊ အကြိမ်ကြိမ်ရိုက်နှက်မှု၊ ပါးချမှုတို့ပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသည့် သိန္နီဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်သားက အရက်မူးပြီး အဲ့ဆိုင်ကိုဝင်သွားတယ်။ အဲ့ကလေးရဲ့ခေါင်းကို ထိုးကြိတ်တယ်။ စစ်ဖိနပ်နဲ့ ထပ်ခါထပ်ခါ ပိတ်ကန်နင်းချတယ်။ သူ့နားတွေ ယောင်သွားတယ်။ လမ်းတောင် မလျှောက်နိုင်တော့ဘူး” ဟု မျက်မြင်တွေ့ရှိသူက ဆိုသည်။

အဆိုပါစစ်သားသည် ဆံပင်ညှပ်ဆိုင်ဖွင့်ထားသည့်လူငယ်ကို ထိုးနှက်ပြီး ခြေထောက်ဖြင့်ကန်သည့်အပြင် သေနတ်ကို မောင်းတင်ပြီး ခြိမ်းခြောက်သေးကြောင်း မျက်မြင်တွေ့ရှိသူက ပြန်ပြောပြသည်။

ထိုရိုက်နှက်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားခဲ့သော်လည်း သက်ဆိုင်ရာမှ လာရောက်ပြီး ၎င်းရေးသားထားသည့်စာကို ပြန်ဖြုတ်ခိုင်းကြောင်း သိရသည်။

“ဒီနေ့ နေ့လည်ခင်းမှာလည်း အဲ့ကလေးအိမ်ကို သက်ဆိုင်ရာ ဗိုလ်မှူးတွေ အုပ်ချုပ်ရေးမှူးတွေနဲ့ မြို့မိ၊ မြိုဖက လူတွေလာပြီး တောင်းပန်တယ်။တင်ထားတဲ့ပိုစ့် ပြန်ဖျက်ခိုင်းတယ်။ လျော်ကြေးပေးမယ်ဆိုပြီး ခုထိတော့ ဘာမှမရသေးဘူး” ဟု သိန္နီ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောပြသည်။

စစ်ကောင်စီတပ်မှ ရိုက်နှက်ခဲ့သည့် လူငယ်သည် မိသားစုဝင်များကို ဆံပင်ညှပ်သည့်ပညာဖြင့် ရိုးသားစွာ ရှာဖွေကျွေးမွေးနေသည့် လူငယ်ဖြစ်ကြောင်း၊ ထိုကဲ့သို့ အပြစ်မဲ့လူငယ်ကို အကြောင်းမဲ့ ရိုက်နှက်နေသည့်သတင်း ကြားရသည့်အတွက် စိတ်မကောင်းကြောင်း၊ နောက်နောင် ထိုကဲ့သို့ မဖြစ်စေလိုကြောင်းလည်း သိန္နီပြည်သူများက ပြောဆိုလိုက်သည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...