စည်ပင်ဝန်ကြီးဟောင်းဦးမင်းအောင်နှင့်အတူ အလုပ်ကြမ်းနှင့် ထောင် ၂ နှစ်ကျော် ချမှတ်ခံထားရသည့် ကိုသန့်ဇင်ဖြိုးအတွက် အယူခံတင်

စည်ပင်ဝန်ကြီးဟောင်းဦးမင်းအောင်နှင့်အတူ အလုပ်ကြမ်းနှင့် ထောင် ၂ နှစ်ကျော် ချမှတ်ခံထားရသည့် ကိုသန့်ဇင်ဖြိုးအတွက် အယူခံတင်

ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးဟောင်းဦးမင်းအောင်နှင့်အတူ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ကျော် ချမှတ်ခံထားရသည့် ကိုသန့်ဇင်ဖြိုးအတွက် အယူခံကို သံတွဲခရိုင်တရားရုံးတွင် ယမန်နေ့က တင်လိုက်ပြီဟု သတင်းရရှိသည်။

ထောင်ဒဏ် ၂ နှစ်ကျော်အထိချမှတ်ခံထားရမှုကို ကျေနပ်မှုမရှိ၍ ယမန်နေ့ စက်တင်ဘာလ ၂၈ ရက်တွင် အယူခံတင်လိုက်ပြီဟု အမှုအားလိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဒေါ်သင်္ဂီမောင်က နိရဥ္စရာအားပြောသည်။

“ကိုသန့်ဇင်ဖြိုးအမှုကို သံတွဲခရိုင်တရားရုံးကို မနေ့က အယူခံတင်ထားတယ်။ အခက်အခဲတော့မရှိပါဘူး" ဟု ပြောသည်။

ကိုသန့်ဇင်ဖြိုးနှင့်အတူ ထောင်ဒဏ်ချမှတ်ခံထားရသည့် စည်ပင်ဝန်ကြီးဟောင်းဦးမင်းအောင်အတွက်လည်း အယူခံတင်မည်ဖြစ်ပြီး လက်ရှိတွင် ဦးမင်းအောင်မှာ စစ်တွေအကျဉ်းထောင်တွင်ရောက်ရှိနေသဖြင့် အယူခံတင်ရန် လိုအပ်ချက်အချို့ရှိနေသေးသည်ဟု သူမက ဆက်ပြောသည်။

"ကိုမင်းအောင်အတွက် ထောင်ကျတရားခံဖြစ်နေတဲ့အတွက် ထောင်ဝင်နံပါတ်ရယ်၊ သူရောက်ရှိနေတဲ့ ထောင်မှူးလက်မှတ်ပါမှ အဆင်ပြေမှာမို့လို့ပါ။ လက်မှတ်တွေရရင် ကိုမင်းအောင်အတွက် အယူခံတင်သွားမှာပါ” ဟု ပြောသည်။

ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့မှာ တပ်မတော်အာဏာသိမ်းမှုအား ဆန့်ကျင်ဆန္ဒပြမှုကြောင့် ဖေဖော်ဝါရီ (၉) ရက်တွင် ရဲနှင့် စစ်တပ်ပူးပေါင်းအဖွဲ့တို့က ဖမ်းဆီးတရားစွဲခြင်းခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

ယင်းနောက် ၎င်းတို့နှစ်ဦးအား စက်တင်ဘာ ၁၇ ရက်တွင် တောင်ကုတ်မြို့နယ်တရားရုံးက သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဥပဒေပုဒ်မ (၂၅) အရ ထောင်ဒဏ် ၂ လနှင့် ငြိမ်းစုစီပုဒ်မ (၁၉) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၂) နှစ်တို့ကို သီးခြားစီချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

လက်ရှိတွင် ကိုသန့်ဇင်ဖြိုးသည် သံတွဲအကျဉ်းထောင်တွင်ရှိပြီး ဦးမင်းအောင်သည် စစ်တွေအကျဉ်းထောင်တွင်ရှိနေသည်ဟု သိရသည်။

ဦးမင်းအောင်မှာ လက်ရှိထောင်ဒဏ်ချမှတ်ခံရနေရသည့်အပြင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ စိုက်ပျိုးမွေးမြူရေး၊ သစ်တောနှင့်သတ္တုဝန်ကြီးဟောင်း ဦးကျော်လွင်၊ လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံ၊ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်းတို့နှင့်အတူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် တရားစွဲခံနေရပြီး စစ်တွေတွင် အမှုရင်ဆိုင်နေရသေးသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...