ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် ဝန်ကြီးဟောင်း ၃ ဦးကို စစ်တွေအကျဉ်းထောင်တွင်း တရားရုံး၌ ရုံးထုတ်

ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် ဝန်ကြီးဟောင်း ၃ ဦးကို စစ်တွေအကျဉ်းထောင်တွင်း တရားရုံး၌ ရုံးထုတ်

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅) ဖြင့် တရားစွဲခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် ဝန်ကြီးဟောင်း ၃ ဦးကို ယနေ့ စစ်တွေအကျဉ်းထောင်တွင်းရှိ တရားရုံး၌ ရုံးထုတ်ခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ရုံးထုတ်ခံခဲ့ရသည့်ဝန်ကြီးဟောင်းများမှာ ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးညီပု၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံနှင့် ဘဏ္ဍာ/အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်းတို့ဖြစ်သည်။

ယနေ့ စက်တင်ဘာ ၂၉ ရက် နံနက် ၁ဝ နာရီတွင် ၎င်းတို့အားရုံးထုတ်စဉ် ၎င်းတို့အမှုမှ တရားလိုဖြစ်သူ ရခိုင်ပြည်နယ် အဂတိတိုက်ဖျက်ရေးကော်မရှင်စစ်ဆေးရေးမှူး ဦးကောင်းဇော်သန့်ကို စစ်ဆေးခဲ့သည်ဟု အမှုအားလိုက်ပါဆောင်ရွက်ပေးနေသူ သဇင်ဥပဒေအထောက်အကူပြုအဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဦးအေးကျော်သန်းက နိရဥ္စရာအားပြောသည်။

“ဒီနေ့မှာတရားလိုကို စစစ်တယ်။ စစ်တာတော့ ရုံးစကားနဲ့ဆိုရင် အဓိကစစ်မဲ့ဟာပေါ့။ အဓိကစစ်မဲ့ဟာတော့ ပြီးသွားပြီ။ နောက်ရုံးချိန်းမှာတော့ စွပ်စွဲခံထားရတဲ့ လူတွေဘက်ကနေ သူတို့ကို အပြန်အလှန်မေးခွန်းမေးမယ်ပေါ့” ဟုပြောသည်။

ယနေ့စစ်ဆေးခဲ့သည့် ဝန်ကြီးဟောင်း ၃ ဦးနှင့် တရားလိုကို လာမည့် အောက်တိုဘာ ၄ ရက်နေ့တွင် ဆက်လက်စစ်ဆေးရန် ထပ်မံရုံးချိန်းခေါ်ယူထားကြောင်း သိရသည်။

အဆိုပါဝန်ကြီးဟောင်း ၃ ဦးနှင့်အတူ စည်ပင်သာယာရေး ဝန်ကြီးဟောင်း ဦးမင်းအောင်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးဟောင်း ဦးကျော်လွင်တို့သည်လည်း အဂတိမှုဖြင့် တရားစွဲခံထားရသည်။

တရားစွဲခံထားရသည့် ၎င်းဝန်ကြီး ၅ ဦးစလုံးကို လာမည့် အောက်တိုဘာ ၁ ရက်နေ့တွင် ရုံးချိန်းခေါ်ယူထားသည်ဟုလည်း သိရသည်။

၎င်းတို့ကို နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်း၊ ပိုင်ဆိုင်မှုများကို ထိခိုက်နစ်နာစေသည်ဟုဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅) ဖြင့် သြဂုတ်လ (၁၂) ရက်နေ့က စစ်တွေမြို့မရဲစခန်းတွင် အမှုစတင်ဖွင့်လှစ်ခံခဲ့ရပြီးနောက် စက်တင်ဘာလ ၈ ရက်တွင် စတင်တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

 
 

 

 

Most read this week

August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...
August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...