လားရှိုးမြို့ တအောင်းလူငယ် (၆) ဦးကို စစ်ကောင်စီ ဖမ်းဆီးသွား

လားရှိုးမြို့ တအောင်းလူငယ် (၆) ဦးကို စစ်ကောင်စီ ဖမ်းဆီးသွား

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ (TSYU) နှင့် တအာင်းပရဟိတ ပညာရေးဘော်ဒါဆောင် (TEC) မှ ဆရာများကို စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

လာရှိုးမြို့ အခြေစိုက် TSYU မှ ရုံးဝန်ထမ်း တစ်ဦး နှင့် TEC မှ ဆရာ (၅) ဦးကို စက်တင်ဘာ ၂၅ ရက် ည (၁) နာရီတွင် စစ်ကောင်စီ တပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

“သူတို့ (၆) ယောက်ကို တခါထဲဖမ်းမိတာမဟုတ်ဘူး။ မိုင်းအောင်သက်ဦးက သူငယ်ချင်းအိမ်လိုက်သွားတာ။ သူကို အဲ့အိမ်မှာ နာမည်တပ်ခေါ်ပြီးတော့ ဖမ်းသွားတာ။ သေနတ်နဲ့ချိန်ပြီးတော့ ဖမ်းဆီးသွားတယ်လို့ပြောတယ်။ သူကို ဘာကြောင့်ဖမ်းဆီးသွားလဲတော့ ကျနော်တို့ မသိရသေးဘူး” ဟု တအောင်းဥပဒေ အထောက်ကူပြုအဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ တအောင်းပရဟိတ ပညာရေးဘော်ဒါဆောင် ဆရာ (၅) ဦးကို စရဖ၊ ဆယ်အိမ်မှူး၊ရာအိမ်မှူးတို့မှ ကား (၅) စီးဖြင့် ကျောင်းသို့လာပြီး ဖမ်းဆီးခံရကြောင်း၊ ဖမ်းဆီးခံရပြီးနောက် ကျောင်းတွင်းရှိ ဆိုင်ကယ်များပါ ပျောက်ဆုံးသွားကြောင်း သိရသည်။

“သူတို့ (၅) ယောက်ကို ကျောင်းစောင့်အဖြစ်ထားထားတာ။ သူတို့ကိုဖမ်းပြီးသွားတဲ့နောက် ကျနော်ကျောင်းမှ ာသွားကြည့်တာ ဆိုင်ကယ်တွေတော့ မရှိတော့ဘူး။ ပြီးတော့ ကျောင်းတံခါးတွေလည်း အကုန်ဖွင့်ထားတယ်။ ဆိုင်ကယ်ကို ဘယ်သူတွေယူသွားလဲဆိုတော့ ကျနော်တို့လည်း အတိကျမပြောနိုင်ဘူး။ စရဖအဖွဲ့က လာဖမ်းသွားတာ။ စစ်တပ်တွေလည်း ပါမှာပေါ့။ ကား (၅) စီးလောက်ပါလာတယ်” ဟု ဖမ်းဆီးခံရသည့် ကျောင်းဆရာ (၅) ဦးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထို တအောင်းလူငယ် (၆) ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားပြီးနောက်ပိုင်း အဆက်သွယ်ပြန်မရရှိသေးကြောင်း၊ မည့်သည်အကြောင်းပြချက်ဖြင့် ဖမ်းဆီးသွားကြောင်းကိုလည်း ယနေ့အချိန်ထိ မသိရှိရသေးကြောင်း အထက်ပါလူက ပြောသည်။

ဖမ်းဆီးခံရသော တအောင်းပရဟိတ ကျောင်းဆရာ (၅) ဦးသည် မိုင်းကျော်ဝင်၊ မိုင်းနိုင်ဝင်း၊ မိုင်းညီလွယ်၊ မိုင်းအောင်သန်းဌေး၊ မိုင်းဘဦးတို့ ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့မှ ပြည်သူများကို အကြောင်းမဲ့ နေ့စဉ်ဖမ်းဆီးနေလျက်ရှိကြောင်း သိရသည်။

 
 

 

 

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...