ရခိုင်တွင် ၁၂ ရာသီလုံး ပန်းမစိုက်နိုင်၍ ပြည်မမှဝယ်ယူနေရပြီး ယခုနှစ်တွင် လမ်းစရိတ်မြင့်လာသဖြင့် ရခိုင်မှ ပန်းသည်များ အရှုံးပေါ်နေ

ရခိုင်တွင် ၁၂ ရာသီလုံး ပန်းမစိုက်နိုင်၍ ပြည်မမှဝယ်ယူနေရပြီး ယခုနှစ်တွင် လမ်းစရိတ်မြင့်လာသဖြင့် ရခိုင်မှ ပန်းသည်များ အရှုံးပေါ်နေ

ရခိုင်ပြည်နယ်တွင် ၁၂ ရာသီလုံး ပန်းမစိုက်နိုင်၍ ပြည်မမှဝယ်ယူနေရပြီး ယခုနှစ်တွင် လမ်းစရိတ်များမြင့်တက်လာသဖြင့် ပန်းသည်များ အရှုံးပေါ်နေကြောင်း သတင်းရရှိသည်။

အဆိုပါပန်းများကို ပြည်မဘက်မှ ကားလမ်းဖြင့်မှာယူပါက အပျက်အစီးများ၍ လေယာဉ်ဖြင့်မှာယူရောင်းချနေရသည်ဟု ပန်းသည်များက ပြောသည်။

ယခုအခါ သယ်ယူစရိတ်မြင့်တက်လာနေမှုကြောင့် ပန်းများကိုစျေးတင်ရောင်းနေရသည့်အတွက် ဝယ်သူနည်း၍ အရှူံးပေါ်နေသည်ဟုလည်း စစ်တွေမြို့ မင်းဂံစျေးမှ ဘုရားပန်းရောင်းချနေသူ မခင်သန်းနွယ်က ပြောသည်။

“အခုက ရန်ကုန်ကပဲ မှာပြီးရောင်းနေရတော့ ကားစရိတ်၊ လေယာဉ်စရိတ်တွေနဲ့ အမြတ်တောင်မထွက်နိုင်ဘူး။ ကားနဲ့လာတဲ့ ပန်းတွေဆိုလည်း ညှိုးပြီး ပုံပျက်သွားတာတွေများလို့ လေယာဉ်နဲ့ပိုယူဖြစ်တယ်။ ဒါပေမဲ့လည်း တစ်ဘူးမှာဆိုရင် တစ်ဝက်လောက်က ပျက်သွားတာတွေပါလို့ အရင်းတောင်အနိုင်နိုင်ပေါ့နော်။ ရှုံးတာက ပိုများနေတယ်။” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ပန်းများစိုက်ပျိုးနိုင်သော်လည်း မိုးများသောကြောင့် မိုးကုန်ခါနီး စက်တင်ဘာလခန့်မှသာ ပန်းစိုက်ပျိုးနိုင်သည့်အတွက် ယခုကဲ့သို့ ပြည်မဘက်မှ မှာယူရောင်းချနေရခြင်းဖြစ်သည်ဟု စစ်တွေမြို့မှ ဘုရားပန်းစိုက်ပျိုးရောင်းချနေသူ ကိုဇော်ဇော်ထွန်းက နိရဥ္စရာသို့ ပြောသည်။

“မိုးများတော့ ကျန်တဲ့အချိန်တွေ မစိုက်နိုင်ဘူး။ ဒီအချိန်စျေးတွေမှာ ရောင်းနေကြတာကတော့ ရန်ကုန်ကလာတဲ့ပန်းတွေပဲ ရှိတယ်။ အဲကပန်းတွေက ဒီကပန်းတွေထက်လှကြတော့ စျေးကောင်းပိုရတာတွေရှိတယ်။ လမ်းစရိတ်တွေက အရင်ကထက်မြင့်လာတာကြောင့် ဘုရားပန်းတွေလည်း စျေးတင်ပြီး ရောင်းချနေရတာတွေရှိတယ်။” ဟု ပြောသည်။

ရခိုင်ပြည်တွင် အများအားဖြင့်စိုက်ပျိုးသောဘုရားပန်းများမှာ ဂန္ဓမာ၊ ကြယ်တာရာ၊ ခိုင်ရွှေဝါနှင့် ပန်းတိမ်ငိုအစရှိသည်တို့ဖြစ်ကြပြီး ရာသီအလိုက် အခြားပန်းအမျိုးများကိုလည်း စိုက်ပျိုးကြကြောင်း သိရသည်။

ပန်းများစိုက်ပျိုးရာတွင်အသုံးပြုသည့် မြေဆီမြေသြဇာစျေးနှုန်းများမှာလည်း ယခင်နှစ်က တစ်အိတ်လျှင် ကျပ် ၄ သောင်းခွဲရှိခဲ့ရာမှ ယခုနှစ်တွင် တစ်အိတ်လျှင် ကျပ် ၇ သောင်းကျော်အထိရှိနေသလို ပျိုးပင်များဝယ်ယူရာတွင်လည်း ယခင်နှစ်ကထက် စျေးပိုပေးဝယ်ယူနေရသည်ဟု ပန်းစိုက်သူများက ပြောသည်။

စစ်တွေမြို့ စံပြရွာရပ်ကွက်မှ ဘုရားပန်းစိုက်ပျိုးရောင်းချသူ မခင်ခင်ရီက "ဒီနှစ်မှာ ပန်းစိုက်ဖို့လိုအပ်တာတွေ ဝယ်ရတာလည်း စျေးအရမ်းတက်တယ်။ အခုတော့ ပျိုးပင်လေးတွေ စိုက်ထားပြီ။ ရောင်းတဲ့အချိန်မှာ စျေးကောင်းမရမှာကိုတော့ စိတ်ပူမိတယ်" ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ဘုရားပန်းအပါအဝင် သီးနှံများကို ဆောင်းရာသီတွင်သာ အများဆုံးစိုက်ပျိုးလေ့ရှိပြီး ကျန်အချိန်များတွင် ပြည်မမှ ဝယ်ယူရောင်းချနေကြရကြောင်းလည်း သိရသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...