နိုင်ငံတဝှမ်း ဖမ်းဆီးခံထားရသည့် သတင်းသမားများကို အမြန်ဆုံးလွတ်ပေးရန် BNI တောင်းဆို

နိုင်ငံတဝှမ်း ဖမ်းဆီးခံထားရသည့် သတင်းသမားများကို အမြန်ဆုံးလွတ်ပေးရန် BNI တောင်းဆို

မြန်မာနိုင်ငံတွင် စစ်တပ်မှအာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး ၇ လကျော်အတွင်း ဖမ်းဆီးအရေးယူခံခဲ့ရသည့် သတင်းမီဒီယာသမားစုစုပေါင်း ၁၀၀ ကျော်ရှိပြီဖြစ်ကာ ယင်းတို့အနက် ၄၇ ဦးမှာ ယနေ့ထိ ဖမ်းဆီးခံထားရဆဲဖြစ်သည့်အတွက် ယင်းသတင်းသမားများကိုအမြန်ဆုံးလွှတ်ပေးရန် ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့တွင် Burma News International (BNI) က တောင်းဆိုလိုက်သည်။

ယင်းအပြင် နိုင်ငံတစ်ဝှမ်း အဖမ်းဆီးခံထားရသည့် သတင်းမီဒီယာသမားများကို အမြန်ဆုံးပြန်လွှတ်ပေးရန်၊ အဖမ်းဆီးခံထားရသည့် သတင်းမီဒီယာသမားများကို အကျဉ်းထောင်များနှင့် စစ်ကြောရေးဌာနများတွင် စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ညှင်းပမ်းနှိပ်စက်မှုများမပြုလုပ်ရန်၊ သတင်းမီဒီယာသမားများအပေါ် ပြစ်မှုပုဒ်မအမျိုးမျိုးတပ်၍ ဝရမ်းများထုတ်ပြန်ထားခြင်းကို ရုပ်သိမ်းပေးရန်၊ သတင်းထုတ်လုပ်ခွင့်လိုင်စင် ရုပ်သိမ်းခံထားရသည့် သတင်းဌာနများကို သတင်းထုတ်လုပ်မှုပြန်လည်ခွင့်ပြုရန်၊ လွတ်လပ်စွာ သတင်းရယူရေးသားဖော်ပြခွင့်နှင့် သတင်းအချက်အလက် သိရှိရယူခွင့်ကို လေးစားလိုက်နာရန် စသည့်အချက်များကိုလည်း BNI က တောင်းဆိုထားသည်။

စစ်ကောင်စီအနေဖြင့် မီဒီယာသမားများကို အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးအရေးယူနေခြင်းမှာ မြန်မာနိုင်ငံအတွင်း သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် သတင်းထောက်များ၏လုံခြုံရေးကို ကြီးမားစွာ ထိခိုက်စေသည့်အတွက် ပြင်းထန်စွာရှုတ်ချကြောင်း BNI က ဆိုထားသည်။

၂၀၂၁ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလတွင်လည်း သတင်းထောက်များအား ဖမ်းဆီးခြင်းများကို ဆက်တိုက်လုပ်ဆောင်ခဲ့သည်ကိုတွေ့ရကြောင်းလည်း ဆိုသည်။

ယခုကဲ့သို့ သတင်းသမားများအားဖမ်းဆီးနေခြင်းမှာ သတင်းလွတ်လပ်ခွင့်နှင့် သတင်းလုပ်ငန်းလုပ်ကိုင်နေသူများအတွက် အလွန်စိုးရိမ်စရာအနေအထားဖြစ်ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်ဟောင်းဖြစ်သူ ဦးမြင့်ကျော်က သုံးသပ်ပြောဆိုသည်။

“သတင်းသမားတွေ အဖမ်းခံရတဲ့ကိစ္စကတော့ စိုးရိမ်စရာ အကောင်းဆုံးပေါ့နော်။ သတင်းဌာနတွေ ပိတ်သိမ်းသွားတာလည်း စိုးရိမ်စရာကိစ္စပါပဲ။ သတင်းသမားတွေ ဖမ်းဆီးခံရတာ အခုဆိုရင် ၄၇ နဲ့ ၅၀ ကြားမှာရှိမယ်ထင်ပါတယ်။ ဆိုတော့အဲဒီဝန်းကျင် ထိန်းသိမ်းခံရတယ်ဆိုတာ သတင်းလွတ်လပ်ခွင့်အတွက်ကော၊သတင်းလုပ်နေတဲ့လူတွေအတွက်ကော အားလုံးအတွက် စိုးရိမ်စရာရှိပါတယ်။ လက်ရှိရောက်နေတဲ့အခြေအနေကတော့ သတင်းလွတ်လပ်ခွင့်အတွက် တော်တော်လေးစိုးရိမ်စရာအနေအထားဖြစ်တယ်။ ပြည်တွင်းမှာလည်း သတင်းသမားတွေ တဖြည်းဖြည်းလျော့နည်းလာတယ်။ ပြည်တွင်းမှာလည်း အလုပ်အကိုင်ပြောင်းတာတွေ၊ တိမ်းရှောင်တာတွေကောဆိုတော့ သတင်းလွတ်လပ်ခွင့်အတွက် တော်တော်လေးစိုးရိမ်စရာဖြစ်နေပါတယ်။ ” ဟု ၎င်းကဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်ပြည်နယ်တွင် သတင်းသမားများ ဖမ်းဆီးခံရမှုမရှိသေးသော်လည်း သတင်းမီဒီယာများ သတင်းရယူခွင့်များမှာ ယခင်ထက် ကျဆင်းသွားခဲ့သည်။

ပြည်နယ်စစ်ကောင်စီ သတင်းနှင့်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌမှ သတင်းမီဒီယာများ စစ်ကောင်စီဟုသုံးနှုန်းပါက အရေးယူမည်ဟု ပြောဆိုမှုများလည်းရှိသည်။

၂၀၂၁ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလအတွင်းမှစ၍ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးများနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်စုစုပေါင်း ၂၅ မြို့နယ်တွင် အင်တာနက်ဆက်သွယ်မှုများကို ဖြတ်တောက်ထားခြင်းမှာ ထိုဒေသများရှိ ပြည်သူများ၏သတင်းအချက်အလက်ရရှိပိုင်ခွင်နှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်နေခြင်းဖြစ်သည်ဟုလည်း BNI က ထုတ်ပြန်ထားသည်။

Most read this week

ဓာတ်ပုံ - ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးများကို တွေ့ရစဉ် / DMG - ပုံဟောင်း
August 22, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေ ၅ သိန်းကျော်...
APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...