တနိုင်းသွားလမ်း လီဒိုလမ်းမပေါ် တွင် အာဏာသိမ်းနှင့် KIA တိုက်ပွဲ ပြင်းထန်နေ

တနိုင်းသွားလမ်း လီဒိုလမ်းမပေါ် တွင် အာဏာသိမ်းနှင့် KIA တိုက်ပွဲ ပြင်းထန်နေ

တနိုင်းဘက်ကို ဦးတည်ကာ တက်လာသည့် အာဏာသိမ်းစစ်တပ်အဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ခွမ်ဆိုင်ယန်နှင့် ဒွမ်ဘန်ကျေးရွာ ၂ ခုကြားတွင် ယနေ့နံနက် ၈ နာရီဝန်းကျင်က ထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။

“အခုတိုက်ပွဲဖြစ်ပွားနေတဲ့နေရာက ခွမ်ဆိုင်ယန်ကျေးရွာအကျော်နားမှာဖြစ်နေတယ်။ ဒွမ်ဘန်ကမရောက်သေးဘူး။ စစ်သားတွေ ကားလမ်းမကြီးအတိုင်း စစ်ကြောင်းတက်လာတာကို KIA က ခုခံကြားဖြတ်တိုက်ခိုက်နေတာဟုတ်တယ်။ အခုတိုက်ပွဲဖြစ်နေတော နာရီဝက်လောက်ရှိပြီ။ အခုချိန်ထိ ပစ်နေကြတုန်း။ ထိခိုက်မှုတွေက မသိရသေးဘူး” ဟုပြောဆိုသည်။

KIA နှင့်တိုက်ပွဲဖြစ်ပွားနေသည့် အာဏာသိမ်းစစ်တပ်အဖွဲ့မှာ စက်တင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်း ၃ နာရီခန့်ဝန်းကျင်တွင် လဝါးကျေးရွာနှင့်တဆက်တည်းရှိသော ခွမ်ဆိုင်ယန်ကျေးရွာအတွင်းသို့ ဝင်ရောက်တပ်စွဲနေရာယူခဲ့သောအဖွဲ့ဖြစ်ပြီး ယနေ့နံနက် ဒွမ်ဘန်ဘက်သို့ ပြန်တက်လာခဲ့ရာ KIA က ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ အာဏာသိမ်းစစ်တပ်အဖွဲ့ စစ်အင်အား ၁၀၀ ကျော်ခန့်က ခွမ်ဆိုင်ယန်ကျေးရွာအတွင်းအပြင်နေရာများတွင် ဝင်ရောက်တပ်စွဲခဲ့သောကြောင့် ကျေးရွာဒေသခံများ ၁၅၀ ခန့်က လဝါးကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ခွမ်ဆိုင်ယန်ကျေးရွာဒေသခံများအနေဖြင့် အာဏာသိမ်းစစ်တပ်နှင့် KIA တို့ ကျေးရွာအတွင်း တိုက်ပွဲပြင်းထန်လာပြီး ကားမိုင်းနှင့် ဒွမ်ဘန်စစ်တပ်ကုန်းတို့မှ ကျေးရွာဘက်သို့ဦးတည်ကာ လက်နက်ကြီးများပစ်ခတ်လာမည်ကိုစိုးရိမ်သဖြင့် လဝါးကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်ဟု ခွမ်ဆိုင်ယန်ဒေသခံတစ်ဦးက ယခုလိုပြောဆိုထားသည်။

“ရွာဘက်ကို စစ်သားတွေ စစ်ကြောင်းဝင်လာတော့ KIA ဘက်ကလည်း ပစ်မယ်လို့ပြောထားတယ်။ စစ်သားတွေပြန်ဝင်လာ တော့ တိုက်ပွဲဖြစ်မှာစိုးရိမ်လို့ အားလုံးထွက်ပြေးကုန်တယ်။ အခုက စစ်သားတွေက ရွာအဝင်မှာ ရှိနေကြတယ်။ အဲ့လိုဘဲ KIA ကလည်း သိပ်မဝေးတဲ့နေရာမှာရှိတယ်။ တိုက်ပွဲဖြစ်လာတဲ့အခါ အနီးပတ်လည်မှာရှိတဲ့ ကားမိုင်းနဲ့ ဒွမ်ဘန်စစ်တပ်ဘက်က လက်နက်ကြီးတွေ ပစ်ထည့်မှာကြောက်ကြတယ်။ အခုရွာမှာက ရွာစောင့်ဘဲရှိတော့တယ်” ဟု ပြောဆိုသည်။

တနိုင်း လီဒိုလမ်းမတစ်လျှောက်တက်လာသော အာဏာသိမ်းစစ်တပ် အဖွဲ့ကို KIA က စောင့်ကြိုကာ ကြားဖြတ်တိုက်ခိုက်နေပြီး ယနေ့နံနက် တိုက်ပွဲဖြစ်ပွားမှုမှာ ၃ ကြိမ်မြောက်ဖြစ်ပါသည်။

စက်တင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်း ၇ နာရီဝန်းကျင်ခန့်တွင် ဒွမ်ဘုန်းနှင့် လဝါးကျေးရွာကြားတွင် ဒုတိယအကြိမ် ဖြစ်ပွားခဲ့ပြီး စက်တင်ဘာလ ၂၃ ရက်နေ့ ၁၁ နာရီခန့်အချိန်တွင် နမ္မတီးမြို့အနီရှိ မရန်ကထောင်နှင့် မကောက်ဇွပ်အနီးတွင် KIA က ပထမအကြိမ်မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အာဏာသိမ်းစစ်တပ်အဖွဲ့မှာ စစ်တင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းက မိုးကောင်းမြို့ဘက်မှ စစ်ကား ၃ စီးဖြင့် တက်လာသော အဖွဲ့ဖြစ်ပြီး လက်ရှိတိုက်ပွဲဖြစ်ပွားသည့်နေရာများတွင် အာဏသိမ်းစစ်တပ်အဖွဲ့က နေ့စဉ်စစ်အင်အားတိုးချဲ့လျက်ရှိနေကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။

 
 

 

 

May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...
May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...