နောင်မွန်ဒေသ စစ်ကောင်စီလက်အောက်ခံ စစ်သင်တန်း ဒုတိယအကြိမ် ပြန်လည်စတင်နေ

နောင်မွန်ဒေသ စစ်ကောင်စီလက်အောက်ခံ စစ်သင်တန်း ဒုတိယအကြိမ် ပြန်လည်စတင်နေ

ပူတာအိုခရိုင် နောင်မွန်ဒေသတွင် KIA ကို တန်ပြန်တိုက်ခိုက်ရန်အတွက် စစ်ကောင်စီလက်အောက်ခံ ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကြံ့ခိုင်ရေးပါတီ USDP တို့ဦးဆောင်သော စစ်သင်တန်း ဒုတိယအကြိမ် စတင်ဖွင့်လှစ်နေပြီဟု သိရသည်။

စက်တင်ဘာလ ၂၁ ရက်နေ့ကစပြီး ခေါင်လန်ဖူးဒေသ ဌာနေပြည်သူ့စစ်အဖွဲ့က ဦးဆောင်ပြီး နောင်မွန်မြို့မှ ၁၀ မိုင်ခန့်ကွာဝေးသော မဂွေဇကျေးရွာအခြေစိုက် ပြည်သူ့စစ်တပ်စခန်းတစ်ခုတွင် လူငယ် ၈၀ ဦးခန့်ဖြင့် စစ်သင်တန်း ပို့ချခံယူနေပြီဖြစ်ကြောင်း နောင်မွန်ဒေသခံတစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့သည်။

“ဒီတစ်ခေါက် စစ်သင်တန်းမှာ တက်တဲ့သူတွေက ၈၀ လောက်ရှိတယ်။ အဲ့ထဲမှာ အရင်အသုတ်တွေမှာ သင်ခဲ့ဖူးတဲ့သူတွေလည်း ပါတယ်လို့ကြားတယ်။ သင်တန်းက ၂၁ ရက်နေ့ကစတယ်။ သင်တန်းတက်တဲ့သူတွေက စစ်အာဏာရှင်စနစ်ကို ထောက်ခံတဲ့သူတွေနဲ့ ပတ်သက်တဲ့သူတွေပါဘဲ” ဟု ပြောဆိုသည်။

ထိုစစ်သင်တန်းတွင် တက်ရောက်နေသူများမှာ ပြီးခဲ့သော ၂ လခန့်က ပြည်သူ့စစ် မလုပ်မနေရ တစ်အိမ်ဝင်တစ်အိမ်ထွက် လက်နက်ပေးမည်ဟုဆိုကာ စည်းရုံးထားသောသူများဖြစ်သည်ဟု သိရသည်။

နောင်မွန်ဒေသနည်းတူ ပူတာအိုတွင်လည်း စက်တင်ဘာ ၂၀ ရက်နေ့မှစတင်ပြီး ပြည်သူ့စစ် သင်တန်းပို့ချရန် စည်းရုံးခဲ့သော်လည်း လက်ရှိချိန်ထိ တက်ရောက်မည့်သူ မရှိသေးသောကြောင့် သင်တန်း ရက်ရွှေ့ဆိုင်းထားရကြောင်း သိရသည်။

“ပူတာအိုမှာ သူတို့ ၂၀ ရက်လောက်မှာ လုပ်ဖို့စီစဉ်ထားတယ်လို့ ကြားတယ်။ ပြီးခဲ့လလောက်ကနေ တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်စည်းရုံးနေတာကြားတယ်။ ဒါပေမယ့် အခုကလာသင်တဲ့သူ တစ်ယောက်မှ မရှိတဲ့အတွက် သင်တန်းရက် ပြန်ရွှေ့ထားတယ်လို့ ပြန်ကြားရတယ်” ဟု ပြောဆိုခဲ့သည်။

စက်တင်ဘာလ ၁၈ ရက်နေ့တွင် အာဏာသိမ်းစစ်ခေါင်ဆောင်က မြစ်ကြီးနားမြို့သို့ ရောက်ရှိခဲ့ပြီး စက်တင်ဘာလ ၁၉ ရက်နေ့တွင် ပူတာအိုဒေသသို့သွားရောက်ကာ မဂွေဇပြည်သူ့စစ်အဖွဲ့နှင့် ကြံ့ခိုင်ရေးပါတီအဖွဲ့ဝင်များတို့ဖြင့် တွေ့ဆုံရန် စီစဉ်ထားသော်လည်း အစီစဉ် ပျက်ပယ်ခဲ့သည်။

သို့သော် ပြည်သူ့စစ်အဖွဲ့မှ တာဝန်ခံနှင့် ကြံ့ခိုင်ရေးပါတီမှ တာဝန်ခံ ၂ ဦးတို့သည် မြစ်ကြီးနားတွင် လာရောက်တွေ့ဆုံခဲ့သည်ဟု နီးစပ်သူများထံမှ သိရသည်။

နောင်မွန်ဒေသတွင် ပြီးခဲ့သော မေလကစပြီး KIA ကို တိုက်ခိုက်ရန်အတွက် ဌာနေပြည်သူ့စစ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP တို့ပူးပေါင်းကာ ကျေးရွာအလိုက် လိုက်လံစည်းရုံးမှုများရှိခဲ့ပြီး ပထမအကြိမ် စစ်သင်တန်းတွင် လူငယ် ၂၀ ဦးခန့်ဖြင့် ပြုလုပ်ခဲ့သည်။

ထို မေလအတွင်းပြင် USDP ပါတီဝင်အချို့နှင့် ရဝမ်ယာဉ်ကျေးမှုအဖွဲ့၏ နာယက ဦးထုံဖူးဒဂုဏ်တို့ ဦးဆောင်ပြီး တစ်အိမ်ထောင်တွင် လက်နက်တစ်စုံရရှိရေးအတွက် ပြည်သူ့စစ်အဖွဲ့ထံ လက်နက်တောင်းခံခဲ့သည်။

သို့သော် နောင်မွန်ဒေသတွင် ယနေ့ချိန်ထိ စစ်ကောင်စီလက်အောက်ခံတပ်များနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးဘဲ ပူတာအိုမြို့နယ်တွင်သာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

 
 

 

 

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...